၁၃ နှစ်သမီးအရွယ်က စတင်

January 22, 2018

၁၃ နှစ်သမီးအရွယ်က စတင် လိင်အကြမ်းဖက်ခံခဲ့ရကြောင်း မင်းသမီး နာတာလီပို့တ်မန်း ဖွင့်ဟ

မင်းသမီးနာတာလီပို့တ်မန်းက သူ့ရဲ့ ပထမဆုံး ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ပြီး အသက် ၁၃ နှစ်အရွယ်မှာ ပရိသတ်တွေနဲ့ သတင်းဌာနတွေကနေတဆင့် လိင်အကြမ်းဖက်ခံရတဲ့ အတွေ့အကြုံတွေ ရခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဒီအတွေ့အကြုံက သူ့ရဲ့ ကျန်ရှိနေတဲ့ အလုပ်အကိုင်ဘဝအပေါ် သက်ရောက်မှု ရှိတယ်လို့ ဇန်နဝါရီ ၂၀ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိ့စ်မြို့မှာ ကျင်းပတဲ့ အမျိုးသမီးချီတက်ပွဲမှာ ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ပို့တ်မန်းက သူ့ရဲ့ စိတ်ဒဏ်ရာ အတွေ့အကြုံတွေအကြောင်း ဝေငှခဲ့တာ ဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့ မင်းသမီးက သူ ပထမဦးဆုံး ရုပ်ရှင်ရိုက်ချိန်မှာ အသက် ၁၂ နှစ်ဖြစ်ပြီး ရုပ်ရှင်ကားထဲမှာ မိဘတွေကို သတ်သွားတဲ့ အမျိုးသားကို အပြစ်ပေးဖို့ ဒီလူကို မိတ်ဖွဲ့ခဲ့တဲ့ မိန်းကလေးငယ်အဖြစ် သရုပ်ဆောင်ခဲ့ရတာပါ။ ရုပ်ရှင်ပြအပြီး တနှစ်အကြာမှာတော့ သူ့ဆီကို အမျိုးသားပရိသတ်တယောက်ဆီက ပထမဆုံးစာကို ရရှိခဲ့တာဖြစ်ပြီး စာထဲမှာ အဆိုပါအမျိုးသားက သူ့ကို အဓမ္မပြုကျင့်တဲ့ပုံ စိတ်ကူးယဉ်စာ ရေးထားခဲ့တာလို့ နာတာလီက ဆိုပါတယ်။ သူ့ရဲ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့ရောက်ရှိတော့မယ့်အချိန်မှာလည်း ဒေသတွင်း ရေဒီယိုသတင်းဌာနတခုက အမှတ်စဉ် ရေတွက်ခဲ့ပြီး ဒါက သူဟာ အသက်ပြည့်တော့မှာဖြစ်တဲ့ မိန်းကလေးတယောက် ဖြစ်တာမို့ ယောက်ျားတွေနဲ့ တရားဝင်နေထိုင်လို့ ရပြီဆိုတာကို သွယ်ဝိုက်ပြောနေသလိုပဲလို့ သူက ပြောပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေက အသက် ၁၃ နှစ်သမီးတဦးအနေနဲ့ သူ့ရဲ့ရင်သားတွေ ကြီးထွားလာတဲ့အကြောင်းကို ပြောခဲ့ကြပြီး အမျိုးသားတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အကြီးအကျယ် စိတ်မသက်မသာဖြစ်နေကြတဲ့ အကြောင်းတွေကို ဆွေးနွေးနေကြတာက သူ့အတွက် စိတ်မလုံမခြုံဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီကစလို့ သူဟာ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်နိုင်ဖို့ ကိုယ်ရေးကိုယ်တာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပြုအမူတွေကို ထိန်းညှိလုပ်ဆောင်ခဲ့ကာ ရုပ်ရှင်ထဲမှာ နမ်းရတဲ့ အခန်းတွေကိုတောင် လက်မခံခဲ့ဘူးလို့ အသက် ၃၆ နှစ်အရွယ် မင်းသမီးက ပြောပါတယ်။ တွေ့ဆုံမေးမြန်းခန်းတွေထဲမှာတော့ သူ့ရဲ့တည်ကြည်ပြီး စာအုပ်ကြီးသမားဖြစ်တဲ့ ပုံစံကိုပဲ အလေးထားဖြေခဲ့ပြီး သူဟာ တည်ကြည်သူ၊ တခုခုကို ရူးသွပ်ပြီး ဘာကိုမှ စိတ်မဝင်စားသူ၊ ရှေးရိုးဆန်သူ၊ လိင်ကိစ္စနဲ့ပတ်သက်ပြီး အဖြစ်သည်းလွန်းသူအဖြစ် သူ့ရဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ သူ့ရဲ့အသံကို ကြားဖို့နဲ့ လုံခြုံမှုရှိနေတယ်ဆိုတာကို ခံစားနိုင်ဖို့ လုပ်ရမယ့်အရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ “အသက် ၁၃ နှစ်အရွယ်မှာ ကျမတို့ ယဉ်ကျေးမှုကနေ ကျမကို သတင်းစကားတခု ရှင်းရှင်းပေးလိုက်တာက ကျမရဲ့ မျက်နှာအမူအရာတွေ ခံစားချက်တွေကို ချုပ်တည်းရမယ်။ ခန္ဓာကိုယ်ကို ဖုံးထားဖို့ လိုတယ်ဆိုတာမျိုး ခံစားရတယ်။ ကျမက လေးစားထိုက်တဲ့၊ ဘေးအန္တရာယ်ကင်း လုံခြုံဖို့ ထိုက်တန်တဲ့သူတယောက်ဆိုတာ ကမ္ဘာကြီးကို ကိုယ်ပိုင် သတင်းစကား ပေးဖို့က ကျမရဲ့ အလုပ်ပဲ။ ကျမရဲ့ မျက်နှာအမူအရာတွေကို တုံ့ပြန်တာ ကျမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး မှတ်ချက် အသေးစားကလေးကနေ ဂရုတစိုက် သေသေချာချာ ရေးထားတာတွေအထိက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဝန်းကျင်ထဲမှာ ကျမရဲ့အပြုအမူတွေကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်စေတယ်” လို့ သူက ဆိုပါတယ်။ အဲဒီနောက် သူက အမျိုးသမီးတွေအနေနဲ့ ကျား၊ မ လက္ခဏာနဲ့ ဆန္ဒတွေကို ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု မခံစားရစေဘဲ ဖော်ပြနိုင်လို့ရမယ့် ကမ္ဘာကြီး ဖြစ်နေရမယ်လို့ တောင်းဆိုခဲ့ပါသေးတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ နှစ်ပတ်လည်နေ့အဖြစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ နိုင်ငံနဲ့အဝန်း အမျိုးသမီးတွေ ချီတက်ပွဲ ကျင်းပခဲ့ကြပြီး ပို့တ်မန်း ပါဝင်ခဲ့တဲ့ နာမည်ကျော်တွေထဲက တဦးဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ Photo : dailymail
3 years Ago
Up