၁၃ ဦး ပျောက်ဆုံး

October 12, 2020

ဗီယက်နမ်ရေဘေး ၁၇ ဦး သေဆုံး၊ ၁၃ ဦး ပျောက်ဆုံးနေ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်တွေမှာ ကျန်ခဲ့တဲ့ သီတင်းပတ်က ရေဘေးအတွင်း လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ဦး ပျောက်နေတယ်လို့ အစိုးရမီဒီယာက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဗီယက်နမ်ဟာ နောက်ထပ် မုန်တိုင်းတလုံးကိုလည်း ရင်ဆိုင်ရဦးမှာပါ။ လာမယ့် ရက်နည်းနည်းအတွင်း အလယ်ပိုင်းဒေသဟာ အပူပိုင်းမုန်တိုင်း ‘လင်းဖ’ အတွက် ကြိုတင်ပြင်ဆင် ထားသင့်ကာ မိုးပိုရွာနိုင်ပြီး ရေဘေးပိုကြီးလိမ့်မယ်လို့ အစိုးရရုပ်သံ ဗီယက်နမ် တယ်လီဗေးရှင်း VTV က ထုတ်လွှင့်ပါတယ်။ ဗီယက်နမ် ကမ်းရိုးတန်း အလယ်ပိုင်းကနေ အလယ်ပိုင်းပြည်နယ် ကွမ်ထရီဆီကို လေပြင်းတွေ တိုက်ခတ်နေလို့ ကမ်းရိုးတန်းစောင့်တပ်က ရဟတ်ယာဉ်တွေက ငါးဖမ်းသမားတွေကို ကယ်နေပုံ ရုပ်သံကိုလည်း VTV က ဖော်ပြပါတယ်။ ရေဘေးကြောင့် လူထောင်ချီဆီကို စားနပ်ရိက္ခာ မဖြန့်ဖြူးနိုင်ဘဲ အဆက်အသွယ် ပြတ်တောက်ကုန်ပါတယ်။ ရေဘေးကြောင့် လူ ၃၁,၀၀၀ လောက်ကို နေရာရွှေ့ပြောင်းပေးခဲ့ရပြီး အိမ် ၃၃,၀၀၀ ကျော် ရေမြုပ် ပျက်စီးခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဗီယက်နမ်ရဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းတလျှောက် မုန်တိုင်းတွေ ရေဘေးတွေ ထူပြောပါတယ်။ မုန်တိုင်းတွေကြောင့်ဖြစ်တဲ့ ရေဘေးနဲ့ မြေပြိုမှုလို သဘာဝကပ်ဘေးတွေကြောင့် မနှစ်က လူ ၁၃၂ ယောက် သေဆုံးပြီး ၂၀၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
7 months Ago
Up