၁၂ နှစ်အရွယ် မိန်းကလေး (ရုပ်သံ)

June 11, 2017

မောင်ငယ်လေးကို ကိုယ်တိုင်မွေးဖွားပေးသည့် ၁၂ နှစ်အရွယ် မိန်းကလေး (ရုပ်သံ)

ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံ မစ္စစပီပြည်နယ်က ဆေးရုံတခုမှာ ဆရာဝန်တွေရဲ့ အကူအညီနဲ့ ၁၂ နှစ်အရွယ် ဂျက်ဆီဒယ်လာပန်နာ ဆိုတဲ့ မိန်းကလေးက သူမရဲ့ မောင်ငယ်လေးကို သားဖွားခန်းထဲမှာ ကိုယ်တိုင် မွေးဖွားပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်က ဂျက်ဆီရဲ့မိခင် မွေးဖွားမှု ဖြစ်စဉ်တခုလုံးအတွင်း သူမရဲ့လက်တွေနဲ့ ဘယ်လို မွေးဖွားပေးရမယ် ဆိုတာကို သင်ပြပေးပြီး ဒီလို ထူးခြားတဲ့ အချိန်လေးကိုတော့ ဂျက်ဆီရဲ့ဖခင်က ဓာတ်ပုံရိုက်ကူးပေးခဲ့တယ်လို့ မေရာသတင်းမှာ ဇွန်လ ၁၀ ရက်နေ့က ရေးထားပါတယ်။ “ကျမဘဝရဲ့ အကောင်းဆုံးအချိန် ခဏတာ” လို့ ဂျက်ဆီ ပြောခဲ့တဲ့ သူမ မောင်လေးကို သူမကိုယ်တိုင် မွေးဖွားနေတဲ့ ပုံရိပ်တွေကို စိတ်လှုပ်ရှားဖွယ်ရာ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ မိခင်က မွေးလာမယ့် ကလေးလေးကို ဆရာဝန်တွေက သူမကို မွေးဖွားခွင့်ပြုမယ်လို့ သူမ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။ အစပိုင်းမှာ မိခင်ကလည်း ခွင့်ပြုဖို့ ချီတုံချတုံဖြစ်နေပေမယ့် ဒီစိတ်ကူးအတွက် သူမရဲ့သမီး စိတ်လှုပ်ရှားနေတာကို မြင်ပြီး နောက်ဆုံးမှာ ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ “ကျမ တကယ်ပဲ သူ့ကို မွေးပေးခဲ့တယ်၊ ကျမကိုယ်တိုင် သူ ထွက်လာနိုင်အောင် တွန်းပေးပြီး ကလေးလေးကို ဆွဲထုတ်ခဲ့တာ” လို့ MS News Now သတင်းဌာနကို ပြောခဲ့ပါတယ်။ “အရင်က ဆရာဝန် လုပ်တမ်းတော့ ကစားဖူးပါတယ်။ ဒါပေမယ့် ခုက တကယ်လေ။ အရမ်း ရင်ထိတ်ဖို့ကောင်းတယ်” လို့ ဂျက်ဆီက ပြောပြီး သူမက သူမမောင်လေးရဲ့ ချက်ကြိုးကိုတောင် ဖြတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူက သူမ သမီးရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာကို ကြည့်ရတာ ငိုချင်လာပြီး ဒီအဖြစ်ကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ပေါ်မှာ တင်တဲ့အခါ ဖေ့စ်ဘွတ်သုံးစွဲသူတွေက “လှပတဲ့ အခိုက်အတန့်” လို့ အကောင်းသဘောဆောင်တဲ့ မှတ်ချက်တွေ ရေးကြပြီး ဓာတ်ပုံတွေက ပျံ့နှံ့ကျော်ကြားသွားတယ်လို့ သိရပါတယ်။
4 years Ago
Up