၁၂ နှစ်အရွယ် ဂီတာသမားလေး

March 19, 2017

၁၂ နှစ်အရွယ် ဂီတာသမားလေးရဲ့ အံ့ဖွယ်တီးခတ်ပြမှုရုပ်သံ ရေပန်းစား (ရုပ်သံ)

သြစတြေးလျနာမည်ကြီး ရော့ခ်ဂီတတီးဝိုင်း AC/DC ရဲ့ အပေါက်ဆုံး သီချင်းဖြစ်တဲ့ Thunderstruck သီချင်းကို အသက် ၁၂ နှစ်အရွယ် ဂီတာပါရမီရှင်လူငယ်လေးက အံ့သြဖွယ် ဂစ်တာတီးခတ်ပြခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ် ရေပန်းစားနေပါတယ်။ ကိုယ့်ဘာသာ ဂစ်တာတီးသင်ယူခဲ့တဲ့ တရုတ်နိုင်ငံက Jiazhuo Liu လေးကို သူ့နိုင်ငံအတွင်းမှ နှစ်သက်သူတွေ အများကြီးရှိနေပြီး အခုဆိုရင် သူဂီတာတီးခတ်နေတဲ့ ရုပ်သံ ပျံ့နှံ့သွားပြီးနောက် ကမ္ဘာတဝှမ်းလုံးကပါ ကြိုက်နှစ်သက်သူတွေ များလာတာပါ။ သြစတေးလျ AC/DC တီးဝိုင်းက ရော့ခ်အဆိုတော်တွေရဲ့ အအောင်မြင်ဆုံးသီချင်း Thunderstruck ကို တရုတ်ကလေးငယ်က တီးခတ်ပြခဲ့ပြီး မတ်လ ၁၇ ရက် က လူမှုကွန်ရက်ပေါ် တင်လိုက်တဲ့အချိန်ကတည်းက ခုဆိုရင် ကြည့်ရှုသူ ၁ သောင်း ၆ ထောင်ကျော်နေပြီလို့ သိရပါတယ်။ တရုတ်ကလေးငယ် ရဲ့ တီးခတ်မှုကို လူမှုကွန်ရက်ပေါ် စတင်ခဲ့သူ အမျိုးသမီးက ဒီကလေးရဲ့ စွမ်းရည်ကို တရုတ်အင်တာနက်စာမျက်နှာဖြစ်တဲ့ ဘီလီဘီလီမှာ တွေ့ရှိခဲ့တာလို့ ပြောပါတယ်။ “ကျမသူဂစ်တာတီးခတ်နေတဲ့ ရုပ်သံလေးကို အွန်လိုင်းမှာ မထင်မှတ်ပဲ တွေ့တယ် ခု ဒီရုပ်သံလေးက တရုတ်လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေပြီ” လို့ သူမက ပြောပါတယ်။ “သူရဲ့စွမ်းရည်ကို အင်တာနက်မှာ ကြည့်ရှုသင့်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို အင်တာနက်စာမျက်နှာတွေမှာ ထပ်တင်ဖို့ သူဆီက ခွင့်တောင်းခဲ့တယ်” လို့ အမျိုးသမီးက ဆက်ပြောပါတယ်။ မှတ်ချက်ပေးသူတွေကလည်း “အစပိုင်းမှာ ကြည့်ရတာ လွယ်သလိုပဲ၊ ဒါပေမယ့် အရမ်းကြီးကို မြန်ဖို့နဲ့ အဆက်အစပ်ရှိဖို့ လိုတယ်၊ ဒီသီချင်းကို တီးတတ်ဖို့ သူ တလကျော်ကြာ နာရီပေါင်းများစွာ လေ့ကျင့်ရလောက်တယ်” လို့ ပြောပါတယ်။
5 years Ago
Up