၁၂ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

November 30, 2016

တူရကီတွင် ကျောင်းသူအဆောင်မီးလောင် ၁၂ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

တူရကီနိုင်ငံတောင်ပိုင်းမှာ အထက်တန်းကျောင်းသူတွေ နေထိုင်တဲ့အဆောင် နိုဝင်ဘာ ၂၉ ရက်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းသူ ၁၁ ယောက် သေဆုံးသွားတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံတောင်ပိုင်းက အဒနာပြည်နယ်၊ အလာဒက် Aladag မြို့ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့မိသားစုတွေက ကျောင်းသူတွေဖြစ်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ လျှပ်စစ်ဝါယာရှော့ခ်က စတင်လောင်ကျွမ်းတာလို့ ဆိုပါတယ်။ အဆောင်ပြတင်းပေါက်တွေက ခုန်ချတဲ့ကျောင်းသူတွေ ဒဏ်ရာရရှိခဲ့ကြပြီး ကျောင်းသူ ၂၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြတယ်လို့ အဒနာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ အဆောင်နည်းပြတယောက်လည်း သေဆုံးခဲ့တဲ့အတွက် သေဆုံးသူအားလုံး ၁၂ ရှိတယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို  တူရကီဒုတိယ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးတို့လည်း သွားရောက်ကြည့်ရှုခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို အားပေးခဲ့ကြတယ်လို့ တူရကီသတင်းတွေက ဆိုပါတယ်။
6 years Ago
Up