၁၂ ပေခန့် နိမ့်ကျခဲ့သည့် ညောင်တုန်းမြို့ ကမ်းနားတာကို မိုးမကျမီ ပြုပြင်မည်ဟု ဝန်ကြီးပြော

January 20, 2020

၁၂ ပေခန့် နိမ့်ကျခဲ့သည့် ညောင်တုန်းမြို့ ကမ်းနားတာကို မိုးမကျမီ ပြုပြင်မည်ဟု ဝန်ကြီးပြော

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက် ၂၁ လမ်းနဲ့ ၂၂ လမ်းက နိမ့်ကျနေတဲ့ ကမ်းနားတာကို မိုးမကျခင်  ပြန်လည်ပြုပြင်သွားမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ကစတင်ကာ အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ၁၂ ပေကျော် နိမ့်ကျမှုဖြစ်ပွားခဲ့တဲ့အခြေအနေကို ဇန်နဝါရီလ ၁၉ ရက်နေ့က လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို တွေ့ဆုံခဲ့ပြီး အခုလို ပြောဆိုခဲ့တာပါ။ ကမ်းနားတာပြန်လည်ပြုပြင်ဖို့ကို နယ်သာလန်နိုင်ငံက ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပြီး တွက်ချက်မှုတွေအရ ကုန်ကျစရိတ်ငွေ ၄.၃ ဘီလီယံရှိပြီး ဝန်ကြီးဌာနအနေနဲ့ ၂.၃ ဘီလီယံလောက်သာရှိတဲ့အတွက် အခက်အခဲများရှိနေပေမဲ့ မိုးမကျခင် အချိန်ကာလအတွင်း ပြုပြင်ပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွင်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြည်ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အရေးပေါ်ဘတ်ဂျက် အပြင် လိုအပ်ပါက တိုင်းအစိုးရအနေနဲ့ အရေးပေါ်ကိစ္စအဖြစ် ပူးပေါင်းပြင်ဆင်သွားမယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့က ဒီဗွီဘီကိုပြောဆိုခဲ့ပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းကစတင်ကာ အက်ကြောင်းများဖြစ်ပေါ်ပြီး ၁၂ ပေကျော်နိမ့် ကျခဲ့တဲ့တာဟာ လူနေအိမ်တွေနဲ့ နီးစပ်မှုတွေရှိတဲ့အတွက် အချိန်ပြည့်စောင့်ကြည့်တာတွေပြုလုပ် ထားရပြီး စာသင်ကျောင်း ၁ ကျောင်းကိုတော့ ပြောင်းရွှေ့ပေးထားရတယ်လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ ညောင်တုန်းမြို့မှာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ၁၂ လမ်းကမ်းနားထိပ်နဲ့ ၂၀ လမ်း ကမ်းနားထိပ်တို့မှာ ကမ်းနားတာနိမ့်ကျတာတွေရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ မြစ်ကမ်းပါး ၄ ကြိမ် ပြိုကျခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးဆုံးရှုံးခဲ့ကာ နေအိမ် ၅ လုံးဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ညောင်တုန်းမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးမှူး ရုံးမှ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up