၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ

October 12, 2021

၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၁ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်

အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာကျောင်းသားကျောင်းသူ ၁ သန်း လောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားဖို့ရှိနေတယ်လို့ အကြမ်းဖက်စစ်ကောင်စီအာဘော် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၂ ရက်က စတင်ကာ တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမှာဖြစ်ကာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျောင်းအပ်နှံထားကြပြီး ကျောင်းတက်ကြမယ့် ကျောင်းသား ကျောင်းသူတွေ အကျုံးဝင်မှာဖြစ်တယ်လို့ ဆို ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ခုလိုထုတ်ပြန်ထားပေမယ့် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ ကျောင်းဆက်မတက်ကြဘဲ တော်လှန်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် ၉ ဒသမ ၉ သန်းကျော် ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၈၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေ ကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

1 year Ago
Up