၁၂ နှစ်အထက်ကလေး

October 25, 2021

၁၂ နှစ်အထက် ကလေးများအတွက် Pfizer ကိုဗစ်ကာကွယ်ဆေးသာ စိတ်ချရဟု NUG ထုတ်ပြန်

အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေအတွက် လက်ရှိအချိန်ထိ Pfizer-BioNTech ကိုဗစ်-၁၉ ကာကွယ်ဆေး တမျိုးတည်းကသာ စိတ်ချရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၄ ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု အရေးပေါ်အခြေအနေမှာ အသုံးပြုခွင့် (Emergency Use Listing - EUL) ရရှိထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဖြစ်တဲ့ AstraZeneca/ COVISHIELD™ ၊ Johnson & Johnson ၊ Moderna ၊ Pfizer-BioNTech ၊ Sinopharm (BIBP) နဲ့ Sinovac ကာကွယ်ဆေးတွေထဲမှာ Pfizer-BioNTech ကာကွယ်ဆေး တမျိုးတည်းသာ အသက် ၁၂ နှစ်မှ စတင်ထိုးနှံနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်က စတင်ကာ အသက် ၁၂ နှစ်ကနေ ၁၈ နှစ်ကြား အခြေခံပညာ ကျောင်းသား ကျောင်းသူတွေကို တရုတ်ထုတ် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျောင်းအပ်နှံထားကြပြီး ကျောင်းတက်ကြမယ့် ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံမှုမှာ အကျုံးဝင်မှာဖြစ်ပြီး အခြေခံပညာကျောင်းသား ကျောင်းသူ ၁ သန်းလောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ခုလိုထုတ်ပြန်ထားပေမယ့် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် ဆရာဆရာမတွေရော၊ ကျောင်းသားကျောင်းသူတွေကပါ ကျောင်းဆက်မတက်ကြဘဲ တော်လှန်နေကြတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို လျှော့ချပြီး နိုင်ငံအသီးသီးရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို အမြန်ဆုံးနာလန်ထူ စေဖို့အတွက် ကာကွယ်ဆေးကို လျင်မြန်စွာ တိုးချဲ့ထိုးနှံနိုင်ဖို့ နိုင်ငံတိုင်းက ကြိုးစားနေကြပြီး ဒီရောဂါကူးစက်မယ့် အန္တရာယ်ဟာ လူသားတဦးတယောက်ချင်းစီကို အပြည့်အဝ ကာကွယ်နိုင်ခြင်းမရှိပါက ဘယ်သူမှ ဘေးကင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် ၁၂ ဒသမ ၃၈ သန်းကျော်ရှိပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာ ကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၄,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၅၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

3 months Ago
Up