၁၁ နိုင်ငံက ဒုက္ခသည်များ၏

February 10, 2018

မြန်မာအပါအ၀င် ၁၁ နိုင်ငံက ဒုက္ခသည်များ၏ လက်မှုပစ္စည်းများ ပြသ

ဂျာမနီနိုင်ငံ ဖရန့်ဖော့မြို့မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲမှာ ဒုက္ခသည်ကျွမ်းကျင်လုပ်သားတွေရဲ့ လက်မှုပစ္စည်းသစ်တွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က ပြသခဲ့ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ Made51 အစီအစဉ်အရ နိုင်ငံတကာ ဈေးကွက်နဲ့ ဒုက္ခသည်တွေ ဖန်တီးပြုလုပ်ထားတဲ့ လက်မှု ပစ္စည်းတွေကို ချိတ်ဆက်ရောင်းချနိုင်ဖို့ ကုန်စည်ပြပွဲကို ခင်းကျင်းပြသခဲ့တာပါ။ ပြသထားတဲ့  ပစ္စည်းတွေထဲမှာ မာလီနိုင်ငံက ဒုက္ခသည်တွေ လုပ်ထားတဲ့ ခွက်တွေ၊ ဆီးရီးယား ဒုက္ခသည်တွေ လုပ်ထားတဲ့ သိုးမွှေးနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ပြုလုပ်ထားတဲ့ ပန်းထိုးအလှတန်ဆာတွေလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီပြပွဲမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဒုက္ခသည်တွေ ဖန်တီးပြုလုပ်ထားတဲ့ ကုန်ပစ္စည်း စုစုပေါင်း ၁၁ မျိုးကို လေ့လာဝယ်ယူနိုင်မှာပါ။ “လက်မှုပစ္စည်းတွေကို ဖန်တီးပြုလုပ်သူတွေက အဲဒီနိုင်ငံတွေမှာ ၀င်ငွေရရှိဖို့ အခွင့်အလမ်း မရှိတဲ့ အမျိုးသမီးတွေ အများစုဖြစ်ပါတယ်။ သူတို့မှာ ဇာထိုးပန်းထိုးကနေ ခြင်းတောင်းအထိ ကျွမ်းကျင်မှုအမျိုးမျိုး ရှိကြပါတယ်။ သူတို့တွေဟာ တကယ်ကျွမ်းကျင်ပြီး ဘိုးဘွားမိဘတွေဆီက သင်ယူခဲ့ကြတဲ့ ရိုးရာလက်ရာတွေ ဖြစ်ပါတယ်။ ၀င်ငွေရနိုင်တဲ့အတွက် ပစ္စည်းတွေရောင်းရဖို့ သူတို့စိတ်လှုပ်ရှား နေကြပါတယ်” လို့ ကုလအေဂျင်စီရဲ့ MADE51 အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်သူ ဟေဒီခရစ်က ပြောပါတယ်။ “ဒီအစီင်္အစဉ် (MADE51) အတွက် ကျမတို့ဝယ်သူတွေ လိုအပ်ပါတယ်။ ဒုက္ခသည်တွေ ၀င်ငွေရရှိဖို့ ၀ယ်သူရှိမှ ဖြစ်မှာပါ။ ၀ယ်သူတွေက ဒုက္ခသည်တွေရဲ့ ဘ၀နဲ့သူတို့ရဲ့လက်ရာတွေကို စိတ်ဝင်စားတာ ကျမတို့သိပါတယ်။ ဒါကြောင့် ဒုက္ခသည်ကျွမ်းကျင်လုပ်သားတွေ လုပ်ထားတဲ့ ပစ္စည်းတွေကို ၀ယ်နိုင်အောင်လို့ ကျမတို့ စီစဉ်ပေးချင်တာပါ” လို့ သူက ဆက်လက်ပြောပါတယ်။ ဝင်ငွေ ရှာနိုင်မှုဟာ ဒုက္ခသည်တွေ သူတို့ဘဝကို ပြန်တည်ထောင် နိုင်အောင် ကူညီရာမှာ အရေးပါတယ်၊ သူတို့ရဲ့ဒဏ်ခံနိုင်စွမ်းကို အားပေးပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ပြန်ရစေတယ်လို့လည်း ဟေဒီခရစ်က ပြောပါတယ်။ ဒီပြပွဲမှာ ပါဝင်တဲ့ ဒုက္ခသည်တွေဟာ သူတို့ လုပ်အားအတွက် ဈေးကွက်ဈေးနှုန်းကို ရကြတယ်လို့လည်း ရိုက်တာ သတင်းဌာနမှာ ဖော်ပြပါတယ်။
3 years Ago
Up