၁၁ ပေရှည် မိကျောင်းကြီး

April 1, 2018

၁၁ ပေရှည် မိကျောင်းကြီး နေအိမ်တွင်းရေကူးကန်ထဲ ၀င်ရောက်လာ (ရုပ်သံ)

အမေရိကန်နိုင်ငံ နေအိမ်တလုံးရဲ့ ရေကူးကန်ထဲမှာ ၁၁ ပေအရှည် မိကျောင်းကြီးကို တွေ့ရှိခဲ့တာကြောင့် စိုးရိမ်ထိတ်လန့်နေတဲ့ အိမ်ပိုင်ရှင်တွေက ရဲတွေကို အကြောင်းကြားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အနောက်ဘက် ဆာရာဆိုတာမြို့ အိမ်တအိမ်ရဲ့ ခြံဝန်းအနောက်ဘက်က ရေကူးကန်လေးထဲမှာ မိကျောင်းကြီး ကူးခတ်နေတာကို အိမ်ရှင်က တွေ့ခဲ့တာလို့ ဒဗလျူပီတီဗီဝက်စ်ပမ်းမ်ဘိ့ခ်ျ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ သာမန်အမျိုးသားတယောက်ရဲ့ ခန္ဓာကိုယ်ထက် ၂ ဆ နီးပါးကြီးတဲ့ မိကျောင်းကြီးရဲ့ပုံတွေကို ဆာရာဆိုတာ ရဲဌာနရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်မှာ တင်ထားခဲ့ပြီးနောက် လူထောင်ပေါင်းများစွာကလည်း လူမှုကွန်ရက်ပေါ်မှာ ထပ်ဖြန့်ဝေခဲ့ကြပါတယ်။ မိကျောင်းကြီးကို ရေကူးကန်က ဖယ်ထုတ်ဖို့ အထူးကိရိယာတွေသုံးပြီး မိကျောင်းဖမ်းသူတွေက ရေကူးကန်ထဲကနေ ဖယ်ထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် မိကျောင်းကြီးက ထွက်သွားချင်ပုံမရဘဲ ရုန်းကန်နေတာ တွေ့ရပါတယ်။ နောက်ဆုံးမှာ မိကျောင်းဖမ်းသူတွေက ဖမ်းသွားပါတော့တယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း အော်လန်ဒိုမြို့က ဒစ္စနေဝဲလ်ဒ်အပန်းဖြေစခန်း ရေကန်မှာ အသက် ၂ နှစ်အရွယ် ကလေးတဦး ဆော့ကစားနေချိန် မိကျောင်းက ကလေးကို ဆွဲခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူကလည်း ကလေးကို မကယ်တင်နိုင်ခဲ့ပါဘူး။ ဖလော်ရီဒါပြည်နယ်တခုတည်းမှာပဲ မိချောင်းအကောင်ရေက ၁.၃ သန်းရှိတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ မိကျောင်းတွေ့ရင် သူ့တိုကို သူတို့ဘာသာနေစေပြီး ဘယ်တော့မှ အစာမကျွေးသင့်ဘူးလို့ ပြောထားကြောင်း မေရာသတင်းတပုဒ်မှာ မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up