၁၀ သိန်းနီးပါး ဖမ်းဆီးရမိ

September 12, 2017

မူဆယ် ၁၀၅ မိုင်ဂိတ်တွင် စိတ်ကြွဆေးပြား ၁၀ သိန်းနီးပါး ဖမ်းဆီးရမိ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးတိုးဂိတ်မှာ မနေ့က  ယာဉ်တစီးပေါ်ကနေ  စိတ်ကြွဆေးပြားအလုံးရေ ၁၀ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ မူဆယ်မြို့နယ် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ မူဆယ် မူးယစ်တပ်ဖွဲ့စု ၂၂ က တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ ကြိုတင် သတင်းရထားချက်အရ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေကို နမ့်ဖတ်ကာ လမ်းမကြီးပေါ်ကနေ စောင့်ကြပ်စစ်ဆေးရာမှာ စက်တင်ဘာ ၁၁ ရက် မနက် ၉ နာရီခွဲအချိန် မီးသွေးအိတ်တွေ တင်ဆောင်လာတဲ့ ကားတစီးပေါ်ကနေ အဆိုပါ စိတ်ကြွဆေးပြားပေါင်း ၉၉၃၉၆၀ ပြားကို ဖမ်းမိခဲ့တာလို့ တာဝန်ကျ ရဲတပ်ကြပ်ကြီး ဟုန်ယောမနားက ဒီဗွီဘီကို ပြောပါတယ်။ “မူးယစ်ဆေးဝါးသတင်းအရ စောင့်ဖမ်းတာပါခင်ဗျ။ မနက် ၉ ခွဲလောက်မှာ နမ့်အွန်ကျေးရွာ ဘက်ကနေ မူဆယ်ဘက်ကိုသွားမယ့်  အနီရောင်တိုယိုတာဟိုင်းလပ် ၂ ခန်းတွဲကားပေါ်မှာ ကားနောက်ခန်းကနေ တင်လာတဲ့ မီးသွေးအိတ်တွေ စစ်ဆေးတယ်။  အဲဒီ မီးသွေးအိတ် အောက်မှာ မြွေရေခွံအိတ် ရှိတယ်။ အထဲမှာ စပါးခွံတွေ ဖွဲကြမ်းတွေနဲ့ဖုံးထားတဲ့  ဒဗလျူဝိုင် စာတန်းပါ စိတ်ကြွဆေးပြားတွေ ဖမ်းမိပါတယ်ခင်ဗျ။ ပမာဏကတော့ စုစုပေါင်း ၉ သိန်း ၉ သောင်းကျော်ရှိတယ်။” စိတ်ကြွဆေးပြား ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ယာဉ်မောင်းနဲ့ အဖော်ဖြစ်သူ မုံးဝမ်းတရုတ်လူမျိုး ရန်ဝေဖန်း (၃၀-နှစ်)နဲ့ ဟွမ်အားကွေး  (၅၈-နှစ်)တို့ ၂ ဦးကို မူဆယ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉ (က) ၂၁ အရ အမှုဖွင့်အရေးယူထားပါတယ်။ အလားတူ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း  သိန်းနီမြို့အဝင် အိုရီတယ်တိုးဂိတ်အနီးမှာ  တွမ်စောကျီ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ပေါ်ကနေ ဘိန်းဖြူ ၁ ဒသမ ၈၇၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၃၀၀ ပြား၊ ဘိန်းဆီခဲ ၄ ဒသမ၅ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ဖမ်းမိခဲ့သလို ကွတ်ခိုင်မြို့၊အမှတ်(၅) ရပ်ကွက်၊ နယ်မြေ(၂)၊ အမှတ်(င/၁၇၁)ရှိ လှဒွဲ(ခ)ရန်အိန်းမင်ရဲ့ နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၅၀ ပြား သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ အဆိုပါ ၁၀၅ မိုင်ဂိတ်အနီး မူးယစ်ဆေးဝါး မကြာခဏ ဖမ်းဆီးရမိခဲ့ပြီး ဒီစက်တင်ဘာလထဲမှာတင် ၉ ကြိမ် ဖမ်းဆီးရမိခဲ့ကာ ဒီတကြိမ်ကတော့ ပမာဏအများဆုံး ဖြစ်ပါတယ်။ ဓာတ်ပုံ-ပြည်ထဲရေး
4 years Ago
Up