၁၀ သင်းဖြင့် ကျင်းပမည်

February 26, 2017

ဖူဆယ်အမှတ်ပေးလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်

ဖူဆယ် အမှတ်ပေးလိဂ်ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ လာမယ့် မတ်လ ၁ ရက်မှာ စတင်မှာဖြစ်ပြီး အရင်နှစ်တွေကထက် စည်းကမ်းပိုင်း ပိုမိုတင်းကျပ်ထားတယ်လို့ ဖူဆယ်ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောပါတယ်။ ဖူဆယ်ကလပ်အသင်းတွေအနေနဲ့ ဒီနှစ်ပြိုင်ပွဲမှာ လုပ်ပွဲကစားတာ၊ ဂိုးရလဒ်ညှိကန်တာ၊ လူစုံ လာရောက်ယှဉ်ပြိုင်ခြင်း မရှိတာတွေနဲ့ တခြား စည်းကမ်းပိုင်းဖောက်ဖျက်မှုတွေ ပြုလုပ်မယ်ဆိုရင် ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်သွားမယ်လို့ သိရပါတယ်။ ဒီနှစ် ဖူဆယ်လိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသား ကစားသမား ၂ ဦး ခေါ်ယူခွင့်ပေးထားပြီး PU အသင်းနဲ့ ရန်ကုန်စီးတီးအသင်းတို့က နိုင်ငံခြားသား ၂ ဦး ခေါ်ယူထားပါတယ်။ နှစ်ကျော့ကစားအပြီးမှာ ချန်ပီယံဆုရတဲ့အသင်းကို ဆုကြေး ကျပ်သိန်း ၅၀၊ ဒုတိယရတဲ့ အသင်းကို ကျပ်သိန်း ၃၀၊ တတိယရအသင်းကို ကျပ်သိန်း ၂၀၊ စတုတ္ထရအသင်းကို ကျပ် ၁၀ သိန်း ချီးမြှင့်ပေးမှာပါ။ ဒါ့အပြင် အသန့်ရှင်းဆုံးအသင်းဆုအတွက် ကျပ် ၅ သိန်း၊ ပြိုင်ပွဲတလျှာက် ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုတွေအတွက် ကျပ် ၃ သိန်း ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရတဲ့အသင်းဟာ အာရှဖူဆယ်ကလပ်အသင်း ချန်ပီယံရှစ်ပြိုင်ပွဲ ကစားခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ ဖူဆယ်လ်အမှတ်ပေးလိဂ်ပြိုင်ပွဲကို သုဝဏ္ဏအားကစားပြိုင်ပွဲရုံ ၁ မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး တနေ့ကို ၅ ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၁ ရက်မှာ စတင်မယ့် အဖွင့်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ MIC အသင်းက ရန်ကုန်စီးတီး၊ VUC အသင်းက UPT၊ PU အသင်းက UM၊ ရာမညအသင်းက Titans XII၊ မြို့မအသင်းက White Colour အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
4 years Ago
Up