၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဇာတိနတ်မောက်တွင် ကျင်းပ

February 13, 2019

၁၀၄ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့တွင်  မုံရွာလူငယ်များ မြင်းစီးဂုဏ်ပြု

အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၄ နှစ်မြောက်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့ရှိ လူငယ်တွေက မြင်းစီးပြီး ဗိုလ်ချုပ် ကြေးရုပ်တုကို လာရောက် ဂါရဝပြုခဲ့ကြပါတယ်။ ပဲပြုပ်နဲ့နံပြားလို့ အမည်ပေးထားတဲ့ လူငယ်များအဖွဲ့က မြင်း ၁၇ ကောင်နဲ့ မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇောတိကကျောင်းရှေ့ကနေ ကျောက္ကာလမ်း၊ ပြည်ထောင်စုလမ်းနဲ့ ဘူတာလမ်း အတိုင်းစီတန်းကာ မြင်းစီး ချီတက်ခဲ့ကြပြီး ကြေးရုပ်ကို ပတ်ကာ အလေးပြုခဲ့ကြတာပါ။ စီစဉ်သူ ကိုအောင်ဇော်မင်းသိန်းက “အဓိကကတော့ ဗိုလ်ချုပ်ကို ချစ်တဲ့စိတ်၊ လေးစားတဲ့စိတ်ရှိတဲ့သူတွေက ကျနော်တို့ ပဲပြုတ်နဲ့ နံပြားအဖွဲ့ကို လာဆက်သွယ်တယ်။ ဒီလိုပဲ မြင်းနဲ့ ဂုဏ်ပြုချင်တယ်ပေါ့။ ဒါနဲ့ ကူညီပေးတာပါ။ ဗိုလ်ချုပ်ကို ချစ်ခင်ကြတဲ့သူတွေ၊ လေးစားကြတဲ့သူတွေ၊ စိတ်တူကိုယ်တူ ဆန္ဒတူတဲ့သူတွေ စုစည်းပြီးတော့ လုပ်ဖြစ်တာပါ။”လို့ ပြောပါတယ်။ မုံရွာမြို့မှာ အရင်က အခုလို မြင်းတွေနဲ့ ဗိုလ်ချုပ်မွေးနေ့မှာ ဂုဏ်ပြုတာမရှိခဲ့တဲ့အတွက် အထူးအဆန်းအဖြစ် ကြည့်ရှုသူတွေလည်း များပြားခဲ့ပါတယ်။ ခွင့်ပြုမိန့်မှာ မြင်း ၂၅ ကောင်တင်ထားပေမယ့် မြင်းစီးမယ့်သူမရှိတဲ့အတွက် မြင်း၁၇ ကောင်သာစီးပြီး ဂုဏ်ပြုခဲ့ရ တယ်လို့ ဆိုပါတယ်။ ဒီမနက်ပိုင်းကလည်း မြို့ပေါ်နေရာတချို့မှာ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အဖြစ် ပဲပြုတ်နဲ့ နံပြားစတုဒီသာကျွေးမွေးခဲ့သလို ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အစိုးရကနေ ဦးဆောင်ကာ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။
2 years Ago

February 12, 2019

၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဇာတိနတ်မောက်တွင် ကျင်းပ

၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အခမ်းနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိနတ်မောက်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ  ၃ ရက်ကြာ ကျင်းပနေပါတယ်။ ဗိုလ်ချုပ်မွေးနေ့ ဖွင့်ပွဲအခမ်းနားကိုတော့ နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာရှိတဲ့ ရာပြည့်ကွင်းထဲမှာ ကျင်းပခဲ့တာပါ။ ဗိုလ်ချုပ်မွေးရပ်မြေ နတ်မောက်မြို့မှာ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်တဲ့ နှစ်တစ်ရာပြည့် ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားကနေ စတင်ပြီး ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွေကို လွတ်လပ်စွာ ကျင်းပလာခဲ့ကြတာပါ။ အရင်စစ်အစိုးရလက်ထက်ကတော့  အခုလိုအခမ်းအနားမျိုးကို နိုင်ငံရေးသမား လူနည်းစုနဲ့သာ လျို့ဝှက်ကျင်းပခဲ့ကြရတာလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောပါတယ်။ ဒါပေမယ့် အခုနှစ် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖွင့်ပွဲအခမ်းအနားကို တိုင်းအစိုးရအဖွဲ့က လာရောက်ဖွင့်လှစ်ပေးစေလိုပေမယ့် မတက်ရောက်တာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ လည်း နတ်မောက်ဒေသခံတွေက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အခမ်းအနားမှာစာပေဟောပြောပွဲတွေ၊ စာအုပ်အရောင်းပြခန်း၊ ဗိုလ်ချုပ်အမှတ်တရ ဓာတ်ပုံ၊ ပန်းချီပြခန်း၊ နွားလှည်းပြိုင်ပွဲနဲ့ အလှပြပွဲတွေထည့်သွင်း ကျင်းပ ဖို့ရှိပါတယ်။ သတင်း- ပေါ်ဦး
2 years Ago
Up