ဆုန်ကရန်ပွဲတော်လို့ခေါ်တဲ့ ထိုင်းသင်္ကြန်ပွဲတော် ပထမ၂ ရက်အတွင်း သေဆုံးသူ ၈၂ ယောက်အထိ ရှိပြီလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးထားပါတယ်။
“အန္တရာယ်ရှိသော ၇ ရက်” လို့ သတ်မှတ်ထားတဲ့ အချိန်ကာလရဲ့ ဒုတိယနေ့မှာပဲ တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု ၅၈၆ မှုဖြစ်ခဲ့ပြီး အဲဒီယာဉ်တိုက်မှုတွေအတွင်း လူ ၆၃၀ ထိခိုက်ဒဏ်ရာ ရကာ လူ ၄၈ ဦး သေဆုံးခဲ့တာလို့ ကျန်းမာရေး အမြဲတမ်း ဒုတိယ အတွင်းရေးမှူး ဒေါက်တာ ဆူဝနာချိုင်က သဘာဝဘေးအန္တရာယ် လျှော့ချ ကာကွယ်ရေးဌာနမှာ ဧပြီ ၁၃ ရက်နေ့က ပြောခဲ့တာပါ။
မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်တာက အဓိက ယာဉ်မတော်တဆဖြစ်စေတာလို့ ပြောပြီး မတော်တဆမှုအများဆုံးမှာ မော်တော်ဆိုင်ကယ်တွေ ပါဝင်နေတယ်လို့ ပြောပါတယ်။
ချင်းမိုင်ခရိုင်မှာပဲ ဧပြီ ၁၂ ရက်နေ့က မှတ်တမ်းအရ ယာဉ်တိုက်မှု ၃၃ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး၊ လူ ၃၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရမှု အများဆုံးလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကန်ချနာပူရီခရိုင်မှာတော့ သေဆုံးသူ ၄ ဦးရှိပြီး အများဆုံး သေဆုံးတာလို့လည်း သိရပါတယ်။ သင်္ကြန် ၂ ရက်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၉၉၅ မှု သေဆုံးသူ ၈၂ ယောက် ဒဏ်ရာရသူ ၁၀၄၉ ဦး ရှိတယ်လို့ ဆိုပါတယ်။
4 years Ago