၁ဦးကျဆုံး၂ဦးဒဏ်ရာရ

March 31, 2021

ဂန့်ဂေါတွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ဦးကျဆုံး၊ ၂ ဦး ဒဏ်ရာရ

ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာအနီးမှာ မတ်လ ၃၀ ရက်နေ့က ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် နှမ်းခါးကျေးရွာက မောင်ဇော်ဇော်မြင့် (ခေါ်) ဖိုးသားလေး ရင်ဘတ်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမနက်ပိုင်းမှာလည်း တောင်ခင်ရန်းကျေးရွာအနီးမှာ ထိတွေ့မှု ထပ်မံဖြစ်ပွားကာ ဒေသခံလို့ ယူဆရတဲ့ တူမီးကိုင်ထားသူတွေဘက်က ၈ ဦးခန့် ထိမှန်ခဲ့ပြီး တချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်သေဆုံး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ဂန့်ဂေါမြို့ပေါ်နဲ့ အနီးဝန်းကျင်ထိပ်တိုက်တွေ့ရာမှာလည်း ပျားရွာက လူငယ် ၁ ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ထိတွေ့ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ ဆက်သွယ်ရေး အခြေအနေအရ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဘက်လည်း ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်အတွင်းမှာ တူမီးသေနတ်တွေက တခြားဒေသက တိုင်းရင်းသားတွေလိုပဲ ရိုးရာအမဲလိုက် လက်နက်အဖြစ် အသုံးပြုကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအနေအထားအရ ကလေး၊ ဂန့်ဂေါတို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေကို ရရာလက်နက်တွေနဲ့ အန်တုရင်ဆိုင်နေကြတာပါ။

1 month Ago
Up