၁ဦးကျဆုံး၁ဦးဒဏ်ရာရ

March 27, 2021

ထားဝယ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် ၁ ဦးကျဆုံး၊ ၁ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရပ်တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ထားဝယ်မြို့ ကျွန်းမွှေးရပ်ကွက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျွန်းမွှေးထဲက တယောက်ကျသွားတယ်၊ ဆိုင်ကယ်နဲ့ ဆန္ဒပြကြတာ၊ အဲမှာ စစ်ကားတွေနဲ့ သံပုရာကန်လမ်းဆုံမှာ ပိတ်ရပ်ပြီး ပစ်ခံရတာ၊ အသက် ၄၀ အရွယ် ကိုကျော်ထွေးဆိုသူ သေဆုံးသွားတယ်။”

ထားဝယ်မြို့ အထက (၃) ကျောင်းအနီးမှာလည်း ဆိုင်ကယ်စီးလာသူ ၃ ဦးအား သက်သက်မဲ့ စစ်ကား ၂ စီးပေါ်ကနေ ပစ်ခတ်ပြီး ဒဏ်ရာရသူ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

“၁၁ နာရီလောက် ထားဝယ်အမှတ် ၃ ကျောင်းရှေ့မှာ စစ်ကားပေါ်ကနေ ရာဘာကျည်နဲ့ လှမ်းပစ်တာ ၁ ယောက် ဒဏ်ရာရသွားတယ်၊ သေလားရှင်လားတော့မသိဘူး၊ စစ်ကားပေါ် ဆွဲခေါ်သွားတယ်၊ သွေးကွက်တွေလည်း လမ်းပေါ်မှာတွေ့ရတယ်၊ ဆိုင်ကယ်ကတော့ ကျန်ခဲ့တယ်။ ဆန္ဒပြပွဲက ပြီးသွားပြီ၊ သူ့ဟာသူ ဆိုင်ကယ်နဲ့သွားနေတုန်း ပစ်တာ။”

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး နေ့စဉ်လိုလို သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မနက် ၇ နာရီခွဲလောက်က လူငယ်အများစုပါအဝင် အင်အားရာချီ သပိတ်စစ်ကြောင်းနဲ့ ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

8 months Ago
Up