၀၀၀ ရရန် တရားစွဲ

A d v e r t i s e m e n t With Us

October 15, 2016

ကျားကိုက် သေဆုံးခဲ့သူ၏ မိသားစုက ဆာဖာရီဥယျာဉ်ကို ပေါင် ၂၅၀,၀၀၀ ရရန် တရားစွဲ

တရုတ်နိုင်ငံ ဘေဂျင်းမြို့က ဆာဖာရီဥယျာဉ်မှာ ပြီးခဲ့တဲ့ဇူလိုင်က ဆိုက်ဘေးရီးယန်းကျားတစ်ကောင် ကိုက်လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးကြီးရဲ့ မိသားစုဝင်တွေက လျော်ကြေးရရှိရေးအတွက် တရားစွဲဆိုလိုက်ပါတယ်။ သေဆုံးသူရဲ့ မိသားစုဝင်တွေက တိရစ္ဆာန်ဥယျာဉ်ရဲ့ပိုင်ရှင်သူဌေးကို ပေါင် ၂၅၀,၀၀၀ ရဖို့ တရားစွဲဆိုခဲ့ကြတာပါ။ အဆိုပါသေဆုံးခဲ့တဲ့ အမျိုးသမီးကြီးဟာ တခြားအဖော် ၂ ဦးနဲ့အတူ ဥယျာဉ်တွင်းကို ကားနဲ့ လာရောက်ခဲ့တာဖြစ်ပြီး သူရဲ့သမီးဟာ ကားတံခါးကို ဖွင့်ဆင်းခဲ့ချိန်မှာ ကျားက အလစ်ဝင်ပြီး ခုန်အုပ် တိုက်ခိုက်ခဲ့တာပါ။ ကားပေါ်က စဆင်းတဲ့ အမျိုးသမီးနဲ့အတူ အဖော်ပါလာတဲ့ မိခင်နဲ့ အမျိုးသားတဦးက ကယ်တင်ဖို့ အပြေးအလွှား လိုက်ပါသွားခဲ့ပေမယ့် မအောင်မြင်ဘဲ တိုက်ခိုက်ခံရပြီး ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ မိခင်ဖြစ်သူကို ဒုတိယကျားတစ်ကောင်က တိုက်ခိုက်ပြီး တရွတ်တိုက် ဆွဲခေါ်သွားကာ နောက်ဆုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကားပေါ်က စဆင်းခဲ့တဲ့ သမီးဖြစ်သူ အမျိုးသမီးကတော့ အသက်ရှင်ကျန်ရစ်ပြီး အခု ဥယျာဉ်ကို တရားစွဲပြီး လျော်ကြေးတောင်းနေတာပါ။ ဒေသခံအာဏာပိုင်တွေကတော့ ခရီးသွားတွေဟာ ဥယျာဉ်ရဲ့သတိပေးချက်တွေကို လျစ်လျူရှုတဲ့အတွက် ဒီအဖြစ်အပျက်မှာ သူတို့မှာသာ တာဝန်ရှိတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ ပေါင် ၂၅၀,၀၀၀ ရရှိဖို့ လျော်ကြေးတောင်းနေပြီး ဒါကို ဥယျာဉ်ဘက်ကလည်း မပေးဘူးနိုင်လို့ ငြင်းဆန်ကြောင်း သိရပါတယ်။ အဆိုပါဥယျာဉ်အနေနဲ့ လာရောက်လည်ပတ်ကြသူတွေကို ဆာဖာရီဥယျာဉ်ထဲမှာ ကိုယ်ပိုင်ကားတွေနဲ့ လှည့်လည်ခွင့်ပြုထားတာဖြစ်ပြီး ဥယျာဉ်တွင်းမှာလည်း တိရစ္ဆာန်တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။ ဒီဥယျာဉ်တွင်း ခုလို တိုက်ခိုက်ခံရမှုဟာ ပထမအကြိမ် မဟုတ်ဘဲ ၂၀၁၄ ခုနှစ်တုန်းကလည်း ကျားတကောင် တိုက်ခိုက်ခံရလို့ လုံခြုံရေးဝန်ထမ်းတဦး သေဆုံးခဲ့ဖူးပါတယ်။
4 years Ago
Up