ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်

November 3, 2015

ပြည်တွင်းစစ် ချက်ချင်းရပ်ရေး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ တောင်းဆို

ပြည်တွင်းစစ်ကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ၀ ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ၀နယ်မြေမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားတွေက တောင်းဆိုလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲပြီးလို့ ထွက်ပေါ်လာမယ့် အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ယူဒဗလျူအက်စ်အေရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။ “ဒီနေ့မနက် ဆွေးနွေးပြီးခဲ့တာ ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဒီလာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ ဆောင်ရွက်နေတယ် ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ကျနော်တို့ အဲဒါကိုလည်း လက်ခံတယ်။ နောက်ထွက်လာမယ့် အစိုးရအသစ်ဟာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပူးပေါင်းပြီးနောက်မှာ ရှေ့ဆက်ရမယ့် ဆွေးနွေးပွဲတွေလုပ်မယ်။ လောလောဆယ်တော့ ပြည်တွင်းစစ် ချက်ချင်းရပ်စဲရေး၊ ချက်ချင်းရပ်ပြီးနောက်မှာ နိုင်ငံရေးနည်းနဲ့ ပြည်တွင်းကိစ္စကို ဖြေရှင်းပါလို့ပဲ ပါပါတယ်။” ‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းကတော့ ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမယ့် မည်သည့်ပါတီက ဖွဲ့စည်းတဲ့ အစိုးရသစ်နဲ့မဆို တနိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ ၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)၊ ကိုးကန့်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရခိုင်တပ်မတော် (အေအေ)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအန်ဒီအို)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ တအာင်း (ပလောင်) တပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်)၊ ရှမ်းပြည်အရှေ့ဘက် မဟာမိတ်တပ်ဖွဲ့ (အန်ဒီအေအေ) နဲ့ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့ ၁၁ ဖွဲ့က ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့ပြီး လေ့လာသူအနေနဲ့ ၁၃ ဦး တက်ရောက်ခဲ့ပါတယ်။
6 years Ago

June 8, 2015

အစိုးရတပ်နှင့် ၀တပ်ဖွဲ့အကြားတင်းမာမှု ညှိနှိုင်းနေ

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ထဲမှာ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ကို ၀ တပ်ဖွဲ့က ဇွန် ၃ ရက်နေ့ကစပြီး ၀ိုင်းထားမှု အနေအထားကို ညှိနှိုင်းနေဆဲပဲလို့ ၀ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။ ၀ဒေသတွင်း သစ်ထုတ်တာကို လာရောက်ဖမ်းဆီးတဲ့ အစိုးရတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်ကို ၀တပ်ဖွဲ့အင်အား ၂၀၀ လောက်က ၀ိုင်းထားတာဖြစ်ပြီး လက်ရှိအနေအထားမှာ တင်းမာမှု အနည်းငယ်လျော့သွားပေမယ့် ညှိနှိုင်းဆဲအခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ “အခုက အခြေအနေ နည်းနည်းလေးတော့ တည်ငြိမ်လာတယ်။ ဒါပေမယ့် နောက်ဆုံးအခြေ အနေလေးတော့ မပြောနိုင်သေးဘူး။ ဒီကိစ္စကို ကျနော်တို့ မနေ့ကနဲ့ ဒီကနေ့မနက် သမ္မတကြီးဆီလည်း သဘောထားတင်ပြထားတာရှိတယ်။ ဦးသိန်းဇော်ဆီကနေ တဆင့်ပေါ့။ သမ္မတဆီကလည်း ၂ ကြိမ်ညွန်ကြားချက်ပေးလာတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်။ သမ္မတကြီးကိုယ်တိုင် ကာချုပ်ဆီဖုန်းဆက်ပြီးတော့ ဆွေးနွေးပါတယ်ညှိပါတယ်။ တပ်ဖက် တြိဂံ တိုင်းမှူးနဲ့လည်း ကျနော် ၃ ကြိမ်ရှိပြီ။ မနေ့က၊ တနေ့ကနဲ့ ဒီမနက် ဖုန်းနဲ့ ဆက်သွယ်ညှိနှိုင်းကြ တာပေါ့။ ဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့လည်း သူအရင်ဆုတ်၊ ကိုယ်အရင်ဆုတ်ကိစ္စလေး တွေပေါ့”လို့ ပြောပါတယ်။ ဇွန်လ ၁ ရက်က ၀တပ်ဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ၀ဒေသတွင်း သစ်ထုတ်နေသူတွေကို အစိုးရတပ်က လာရောက်ဖမ်းဆီးရာက ပြဿ နာစတင်ခဲ့ပြီး ဇွန်လ ၃ ရက်မှာတော့ အစိုးရတပ်ကို ၀တပ်ဖွဲ့က ၀ိုင်းပြီးပိတ်ဆို့ထားတဲ့ အခြေအနေရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က တစုံတရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရနဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
6 years Ago
Up