ဝပြည်နယ်

February 22, 2017

တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့ တက်ရောက်သည့် ပန်ခမ်း အစည်းအဝေးပွဲ စတင်

  ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက်များကို ဆွေးနွေးမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အစည်းအဝေးပွဲကို ၀ ဒေသ ပန်ခမ်းမှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။ အစည်းအဝေးပွဲကို ကရင်နီတိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ ၂ ဖွဲ့ကလွဲလို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၈ ဖွဲ့ တက်ရောက်နေပြီး ဖေဖော်ဝါရီ ၂၄ ရက်ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အစည်းအဝေးပွဲကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကမကထပြု ကျင်းပနေတာလို့ အစည်းအဝေးကျင်းပရေး အတွင်းရေးမှူးအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ တတိယအကြိမ် ပြုလုပ်တဲ့ ပန်ခမ်း အစည်းအဝေးပွဲကို ရခိုင့်တပ်မတော် အေအေ၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေအေ၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး တီအန်အယ်လ်အေ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် အက်စ်အက်စ်ပီပီ အက်စ်အက်စ်အေ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ ပီအက်စ်စီ အန်ဒီအေအေနဲ့ အထူးဖိတ်ကြားထားသူ ၂ ဦးတို့ တက်ရောက်နေကြပါတယ်။ တပ်ဖွဲ့ ၁၀ ဖွဲ့ ဖိတ်ကြားထားတဲ့အနက် ကရင်နီတိုးတက်ရေးပါတီ ကေအန်ပီပီနဲ့ မွန်ပြည်သစ်ပါတီ အန်အမ်အက်စ်ပီတို့ဟာ အခြေအနေ ထူးခြားမှုကြောင့် စေလွှတ်တက်ရောက် နိုင်ခြင်း မရှိဘဲ စာတမ်းတင်သွင်းတာပဲ လုပ်ဆောင်သွားမယ်လို့ အစည်းအဝေး အတွင်းရေးမှူးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဗွီဘီရဲ့ သီးခြားစုံစမ်းချက်အရ အဲ့ဒီ ၂ ဖွဲ့ရဲ့ ကိုယ်စားလှယ်များဟာ မြန်မာပြည်ထဲက ဖြတ်သန်းသွားလာဖို့အတွက် အစိုးရက လုံခြုံရေးအာမခံချက်မပေးလို့  မတက်ရောက်နိုင်ကြတာလို့ သိရပါတယ်။
4 years Ago
Up