ဝဲလ်ရှိုင်းယား

November 8, 2016

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ဂျက်ဝဲလ်ရှိုင်းယားကို ပြန်ရွေးချယ်

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမား ၂၄ ဦးစာရင်းကို နည်းပြ ဂယ်ရီဆောက်ဂိတ်က ရွေးချယ်ခဲ့ရာမှာ ဂျက်ဝဲလ်ရှိုင်းယား ပြန်လည်ပါဝင်လာပြီး ချိန်ဘာလိန်နဲ့ အန်တိုနီယိုတို့ ချန်လှပ်ခံခဲ့ရပါတယ်။ ဘုန်းမောက်အသင်းမှာ အငှားနဲ့ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ၀ဲလ်ရှိုင်းယားဟာ ယူရို ၂၀၁၆ ပြိုင်ပွဲ ပြီးကတည်းက လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ပေမယ့် လက်ရှိအချိန်မှာတော့ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။ ဒါ့အပြင် အာဆင်နယ်မှာ ပွဲထွက်ခွင့်မရတဲ့ ချိန်ဘာလိန်လည်း ဆက်လက်ချန်လှပ်ခံခဲ့ရပြီး ၀က်စ်ဟမ်းမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား အန်တိုနီယိုကိုလည်း ဂယ်ရီဆောက်ဂိတ်က ရွေးချယ်ခြင်းမပြုခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဂိုးသမားနေရာမှာ ဂျိုးဟတ်နဲ့ ဖော်စတာတို့ပဲ ရွေးချယ်ခဲ့ပြီး နောက်တန်းမှာလည်း ကာဟေးလ်၊ စတုန်းစ်၊ ဂျာဂီရယ်ကာတို့ကို ရွေးချယ်ခဲ့ပြီး ဒဏ်ရာရနေတဲ့ စမောလင်းရဲ့နေရာမှာတော့ ဘန်လေနောက်ခံလူ မိုက်ကယ်ကိန်းကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ခရစ္စတယ်ပဲလေ့က တောင်းဆန်၊ မန်ယူက လင်ဂတ်၊ လက်စတာက ဒရင့်ဝါးတားတို့ကို ပြန်ရွေးခဲ့ပြီး တိုက်စစ်မှာလည်း ဟယ်ရီကိန်း ပြန်လည်ပါဝင်လာသလို ၀ဲလ်ကော့၊ စတာရစ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဗာဒီတို့လည်း ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် နိုဝင်ဘာ ၁၁ မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် စကော့တလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ စပိန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
6 years Ago
Up