ဝိုင်းဝန်းရှုတ်ချ

July 29, 2017

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု နိုင်ငံတကာက ၀ိုင်းဝန်းရှုတ်ချ

မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်ကျော်ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုးံကျည် ICBM ကို ပစ်လွှတ်စမ်းသပ်အပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုဆိုးရွားလာနိုင်တဲ့ လုပ်ရပ်အားလုံးကို ရပ်တန့်ဖို့နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားဖို့ မြောက်ကိုရီးယားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ အခြေအနေ ပိုဆိုးလာတာကို ဟန့်တားဖို့ သက်ဆိုင်သူ အားလုံးက သတိနဲ့ တုံ့ပြန်ကြဖို့ တရုတ်က မျှော်လင့်တယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရက အမေရိကန် ကုန်းမကြီးထိ ရောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုတိယမြောက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ICBM ကို ဇူလိုင် ၂၈ ရက်နေ့ ညသန်းခေါင်က ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ ဇူလိုင် ၂၈ ရက်နေ့က အတည်ပြု ပြောဆိုခဲ့တာပါ။ ပစ်လွှတ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်။ တကယ်လို့ အမေရိကန်က တိုက်ခိုက်ဖို့ ကြိုးစားခဲ့ရင် ဖျက်ဆီးခံရမယ့်ဘေးကနေ လွတ်မြောက် ဘေးကင်းနေမှာမဟုတ်ဘူးဆိုတဲ့ အမေရိကန်အတွက် ပြင်းထန်တဲ့ သတိပေးချက်ပဲလို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက ပြောပါတယ်။ ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်ခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ပြစ်တင်ရှုတ်ချတုံ့ပြန်ခဲ့ကြတာပါ။ မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ်ဖို့ကိုလည်း တောင်ကိုရီးယား သမ္မတက ဆော်သြခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေကလည်း “ဂျပန်ဘေးကင်းရေးကို ခြိမ်းခြောက်မှုက ပြင်းထန် စစ်မှန်လာပြီဆိုတာ ပြနေတယ်။ ဂျပန်ပြည်သူတွေ ဘေးကင်းရေးကို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ဆောင်မယ့်အကြောင်း ကတိပြုတယ်” လို့ ပြောဆိုလိုက်ပါတယ်။ ဂျပန်ကမ်းရိုးတန်း အစောင့်တပ်ကလည်း လေယာဉ်တွေ၊ သင်္ဘောတွေအတွက် ဘေးကင်းရေး တပ်လှန့်ချက် ထုတ်ပြန်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NHK က အစီရင်ခံပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
4 years Ago
Up