ဝါရှင်တန် ဈေးဝယ်ကုန်တိုက် ပစ်ခတ်တိုက်ခိုက်မှုနှင့် ဖမ်းဆီးခံထားရသူက ၀န်ခံ

September 27, 2016

ဝါရှင်တန် ဈေးဝယ်ကုန်တိုက် ပစ်ခတ်တိုက်ခိုက်မှုနှင့် ဖမ်းဆီးခံထားရသူက ၀န်ခံ

အမေရိကန်ပြည်ထောင်စု ၀ါရှင်ပြည်နယ်မှာ ဈေးဝယ်ကုန်တိုက် ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံရသူ အသက် ၂၀ အရွယ်လူငယ်က သူ့ရဲ့လုပ်ရပ်ကို ၀န်ခံခဲ့ပါတယ်။ သေနတ်သမား အာကန် စီတင် (Arcan Cetin) ဟာ တူရကီနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်မှာ အမြဲနေခွင့်ရသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က သူ ဘာလင်တန်မြို့ ကုန်တိုက်တခုမှာ ပစ်ခတ်ခဲ့မှုအတွင်း လူ ၅ ဦး သေဆုံးခဲ့ပြီး တိမ်းရှောင်နေခဲ့လို့ ရဲတပ်ဖွဲ့က ၁ ရက်ကြာ ရှာဖွေခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့ သူ ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာ စစ်ဆေးနေပြီး အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် အကြောင်းအမျိုးမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သေနတ်သမားရဲ့ မွေးစားအဖေကတော့ သူ့မှာ စိတ်ရောဂါရှိတယ်လို့ ပြောဆိုပါတယ်။ သေနတ်သမားဟာ တိုက်ခိုက်မှုမလုပ်ခင် အင်တာနက် လူမှုကွန်ရက်ပေါ်မှာ စိတ္တဇလူသတ်သမားနဲ့ နာဇီခေါင်းဆောင် ဟစ်တလာတို့ကို ရည်ညွန်းတဲ့ ပို့စ်တွေ၊ အိုင်အက်စ် အကြမ်းဖက်ခေါင်းဆောင် အယ်ဘတ်ဒါဒီနဲ့ အီရန်ခေါင်းဆောင်ကြီး အရာတိုလာ ခိုမေနီရဲ့ ဓာတ်ပုံတွေ တင်ခဲ့တယ်လို့ အေပီသတင်းက ဆိုပါတယ်။
5 years Ago
Up