ဝရမ်းပြေး ထိုင်းဆရာတော် ကျောင်းတွင် ကြီးမားသည့် လိုဏ်ခေါင်းတွေ့ရှိ (ရုပ်သံ)

February 17, 2017

ဝရမ်းပြေး ထိုင်းဆရာတော် ကျောင်းတွင် ကြီးမားသည့် လိုဏ်ခေါင်းတွေ့ရှိ (ရုပ်သံ)

ငွေအလွဲသုံးစားမှု၊ ငွေမည်းခဝါချမှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ဓမ္မကာယကျောင်းတိုက်က ဓမ္မကာယ ဂိုဏ်းချုပ်ဆရာတော်ကြီး ထမ်မချိုင်းယိုးကို ဖမ်းဆီးရမိဖို့ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၄ ထောင်ကျော် သုံးပြီး ဒုတိယနေ့အဖြစ် ဆက်လက်ရှာဖွေနေရာမှာ ကျောင်းတိုက်တစ်ခုအောက်က ကြီးမားတဲ့ လိုဏ်ခေါင်းတခုကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေက လိုဏ်ခေါင်းထဲ ၀င်ရောက်ကြည့်ရှုခွင့်ပြုတာကြောင့် သတင်းထောက်တွေပါ လိုက်လံ ရိုက်ကူးပြသခဲ့ရာမှာ အတွင်းပိုင်းမှာ ကားပါကင်ထိုးတဲ့နေရာပါ ပါရှိကြောင်း၊ ဒါပေမယ့် ၀င်ပေါက်နဲ့ ထွက်ပေါက်က တစ်ခုတည်းပဲလို့  ဆိုပါတယ်။ ဒီဥမင်လိုဏ်ခေါင်းနဲ့ ပတ်သက်ပြီး  ကျောင်းတိုက်ရှိ သံဃာတွေကတော့ ဒါဟာ မိုးရွာလို့ ရေလျှံရင် လှောင်ကန်ထဲကရေတွေ သယ်ထုတ်ဖို့ ဖောက်လုပ်ထားတာလို့ ပြောပါတယ်။ ဒီအက်စ်အိုင်ပြောခွင့်ရ ရဲမှူးကြီးက ကျောင်းတိုက်ဧရိယာထဲမှာ နောက်ထပ်ရှာရမယ့် ဇုန်တွေကျန်ရှိနေသေးကြောင်း၊ အခု ရှာဖွေမှုမှာ ၂၀ ရာနှုန်းလောက်သာ ပြီးမြောက်ပြီး  ကျောင်းတိုက်ဧရိယာကို ထိန်းချုပ်ထားတဲ့ ပုဒ်မ ၄၄ ကိုလည်း ဘယ်အချိန်မှာ ပြန်ရုပ်သိမ်းမလဲဆိုတာ မသိသေးဘူးလို့  ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ဆရာတော် ထမ်မချိုင်းယိုးဟာ ထိုင်းနိုင်ငံထဲမှာပဲ ရှိနေတယ်လို့  ရဲမှူးကြီးရဲ့ အပြောကို  သတင်းထောက်က ထိုင်းနိုင်ငံထဲဆိုတော့ ဒီကျောင်းတိုက်ထဲ မရှိဘူးလားလို့ မေးရာမှာ ရဲမှူးကြီးက ဒီကျောင်းတိုက်က ထိုင်းနိုင်ငံထဲမှာပဲ ရှိတာလို့ မယုတ်မလွန်ပြန်ဖြေခဲ့ပါတယ်။
4 years Ago
Up