ဝမ်းရေးအတွက် အမှိုက်ပုံတွေဆီ လျှောက်လှမ်းနေရတဲ့ သံလမ်းလုပ်သားတဦးရဲ့ ဇနီး

A d v e r t i s e m e n t With Us

March 24, 2016

ဝမ်းရေးအတွက် အမှိုက်ပုံတွေဆီ လျှောက်လှမ်းနေရတဲ့ သံလမ်းလုပ်သားတဦးရဲ့ ဇနီး

သူများတွေအတွက် အသုံးမတည့်တော့တဲ့ ဒီပလတ်စတစ် ဘူးခွံတွေ၊ ရေသန့်ဘူးတွေ၊ ဘီယာဘူးတွေဟာ မသိင်္ဂီဝင်းနဲ့ သူ့မိသားစုအတွက်တော့ ရတနာတွေပါပဲ။ ညနေ ၃ နာရီလောက်ကစပြီး ညအချိန်တိုင်အောင် သူတယောက် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က အမှိုက်ပုံကြီးတွေနဲ့ အမှိုက်ပုံးတွေဆီ ခြေတိုအောင် လမ်းလျှောက်ရင်း ပလုံကောက်နေခဲ့တာ ၇ နှစ်ရှိနေခဲ့ပါ့ပြီ။ ဒီဘူးခွံအမျိုးမျိုးဟာ သူ့မိသားစုစားဝတ်နေရေးအပြင် သူ့အပေါ်မှာ ဖိစီးနေတဲ့ အကြွေးနဲ့ အတိုးတွေကိုလည်း ဝန်ပေါ့အောင်ကူညီပေးပါတယ်။ ရန်ကုန်မြို့လယ်က ဟိုတယ်ကြီးတွေ ခေတ်မီလှပတဲ့ အဆောက်အဦတွေနဲ့ သံလမ်းလေးပဲ ခြားတဲ့နေရာမှာ သိမ်ဖြူမီးရထားဝန်ထမ်းတွေနေတဲ့ ရပ်ကွက်ရှိပါတယ်။ အဲ့ဒီမှာ မသိင်္ဂီဝင်းတို့ မိသားစုလေးနေကြတယ်။ မသိင်္ဂီဝင်းရဲ့ကြင်ယာဖက်ဟာ မီးရထားသံလမ်းလုပ်သားတယောက်ဖြစ်တဲ့အတွက် ဒီမီးရထားဝန်းထဲမှာ သူတို့မိသားစုနေထိုင်ခွင့်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ ပေပတ်လည်လောက်သာ ရှိတဲ့အခန်းထဲမှာ မိသားစု ၈ ယောက် စုပြုံပြီး နေရတာကတော့ မထောင်းသာလှပါဘူး။ ဒါတောင် သမီးအကြီးတယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားပြီး ကလေး တယောက်က ဆုံးပါးသွားခဲ့လို့ပါ။ မသိင်္ဂီဝင်းရဲ့အဖေဟာ မီးရထားဂတ်ဗိုလ်ဖြစ်လို့ ဒီသိမ်ဖြူမီးရထားဝန်းဆိုတာ သူမမွေးဖွားကြီးပြင်းလာတဲ့ နေရာဖြစ်ပါတယ်။ ဖခင်ကွယ်လွန်ပြီးတဲ့နောက် မီးရထားဝန်ထမ်းလိုင်းခန်းကနေ ဖယ်ပေးခဲ့ရပြီး လွန်ခဲ့တဲ့ခုနှစ် နှစ်လောက်ကမှ ယောက်ျားဖြစ်သူဟာ မီးရထားဌာနမှာ နေ့စားသံလမ်းလုပ်သားအဖြစ် အလုပ်ရရှိခဲ့လို့ ခုလက်ရှိ ဝန်ထမ်းအိမ်ခန်းလေးမှာ နေခွင့်ရခဲ့တာဖြစ်ပါတယ်။ “သားလေးတွေကတော့ ထောင့်ဘက်မှာ အိပ်တယ်။ သမီးလေးတွေကတော့ ခြေရင်းဘက်မှာ အိပ်တယ်။ ဒီလိုပဲ ကြပ်ကြပ် သိပ်သိပ်နေရတာပေါ့” မသိင်္ဂီဝင်းက ပြောပါတယ်။ သူ့ယောက်ျား သံလမ်းလုပ်သားတယောက်ရဲ့ တနေ့စာဝင်ငွေဟာ ၃၀၀၀  သာရှိတဲ့အတွက် လူနေမှုစရိတ်ကြီးမြင့်လှတဲ့ ရန်ကုန်မြို့မှာ များပြားလှတဲ့ မိသားစုဝင်တွေ ရပ်တည်ရေးအတွက် မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း သူမဟာ နေ့စဉ်ပလုံကောက်ထွက်ရပါတယ်။ အမှိုက်ပုံတွေ အမှိုက်ပုံးတွေဆီက သူတပါးစွန့်ပစ်လိုက်တဲ့ အရာတွေကို မကောက်ယူရဘူးလို့ မြန်မာနိုင်ငံမှာ ဥပဒေထုတ်ထားတာမရှိပါဘူး။ ဒါပေမယ့် ဒီလိုအမှိုက်ကောက်တဲ့သူတွေကြောင့် မြို့တော်ရဲ့အင်္ဂါရပ်ကို အကျည်းတန်စေတယ်လို့ ယူဆတဲ့တာဝန်ရှိသူတွေက စီမံချက်နဲ့ဖမ်းဆီးတာမျိုးတွေလည်း ရှိပါတယ်။ “၁ လစီမံချက်၊ ၂ လစီမံချက်ရှိတယ်ဆိုရင် မကောက်ကြဘူး၊ လူတွေက အဖမ်းအစီးကြောက်ကြတယ်၊ ညီမတို့လည်းကြောက်တယ်။ ညီမတို့တ၀င်းလုံးက မခိုး မဝှက်ဘူး၊ ရဲဖမ်းမလား ဘာလုပ်မလဲဆိုပြီး ညီမတို့ကကြောက်တယ်။” လို့ ပြောပါတယ်။ အဲဒီလိုအချိန်အခါဆိုရင် သူမတို့လို လူတန်းစားတွေဟာ သူတို့ရပ်ကွက်ထဲမှာရှိတဲ့ ငွေတိုးချေးစားသူတွေကို အားကိုးရပါတော့တယ်။ ငွေတိုးချေးစားတာဟာ တရားဝင်လုပ်ငန်းမဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြဆဲပါ။ “အကြွေးဘာလို့တင်လဲဆိုတော့ ညီမယောက်ျားက နေဖို့ပဲရတယ်။ ညီမတို့ ပလုံက ရဲတွေကဖမ်းတယ်ဆိုရင် ညီမတို့ကကောက်လို့မရဘူး။ အဲဒီတော့အကြွေးယူရတယ်။ ၁၃ ရက်အတိုးကို ယူရတယ် ၁၃ ရက်မှာ မပေးနိုင်ဘူးဆိုရင် အတိုးတက်သွားတယ်။ နောက်ပြီး မတ်တိုးကတော့ ၁၀၀၀၀ ကို ၅၀၀ ပေးရတယ်။” ဒီလိုအတိုးပေါ်အတိုးဆင့်ပြီး အကြွေးသံသရာလည်နေတာကြောင့် မသိင်္ဂီဝင်းဟာ သူ့သားသမီးတွေအားလုံးကို ပညာရေးအထောက်အပံ့ ကောင်းကောင်းမပေးနိုင်တော့ပါဘူး။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ သားသမီး ၃ ယောက်ကိုသာ ကျောင်းထားနိုင်ပါတယ်။ ဒါပေမယ့် သားသမီးတွေကို သူ့လိုဘဝမျိုး မဖြစ်စေချင်တဲ့ မိခင်တယောက်ရဲ့စေတနာကတော့ သူ့မှာ အပြည့်ရှိနေပါတယ်။ “ပညာတတ်ကြီးဖြစ်စေချင်တာပေါ။ ဒီအလုပ်ကိုတော့ ကိုယ့်သားသမီးကို မလုပ်ခိုင်းပါဘူး၊ ကိုယ့်ဘာသာ ပလုံကောက်ပဲကျွေးရ ကျွေးရ၊ ဈေးရောင်းပြီး ကျွေးရ ကျွေးရ ကိုယ်ကတော့ အဲဒီလိုပဲလုပ်နေတာပေါ့” လို့ မျက်ရည်စက်လက်နဲ့ မသိင်္ဂီဝင်းက ပြောပါတယ်။ ငွေချေးစားသူတွေဟာ များသောအားဖြင့် ၁၀၀ ကို ၂၀ တိုးယူလေ့ရှိပါတယ်။ ဒါ့အပြင် နေ့စဉ်ပြန်ပေးရတဲ့ နေ့ပြန်တိုးနဲ့ တရက်ကို ၅ ရာခိုင်နှုန်းပေးရတဲ့ မတ်တိုးဆိုတာကိုလည်း ထုတ်ချေးလေ့ရှိပါတယ်။ ဒီလိုအမျိုးမျိုးသော အတိုးတွေဟာ မသိင်္ဂီဝင်းအပြင် အောက်ခြေဝန်ထမ်းအများစုကို ဖိစီးနေတယ်လို့ အဲဒီမီးရထားဝန်းထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတဲ့ ကိုကျော်ဒင်ကဆိုပါတယ်။ “တခုဆိုးတာက မတ်တိုးဆိုတာကြီးက ငွေ၁ သိန်းယူထားမယ်၊ တရက်ကို ၅၀၀၀ အတိုးသက်သက်ပေးနေရမယ်။ အဲဒီ ၁ သိန်းမကျေမချင်း အဲဒီ ၅၀၀၀ ပေးနေရမယ်၊ ၁၀ နှစ်ကြာသွားပစေ ၅၀၀၀ ပေးနေရမယ်။ အဲဒီမှာတင် ကိုယ့်လုပ်အားခတွေ ဆုံးရှုံးနေရတယ်၊ နောက်ဆုံးမဆပ်နိုင်တော့ဘူး  ကျန်းမာရေးက မကောင်းလို့ အလုပ်မလုပ်နိုင်ရင် နောက်တယောက်ဆီက မတ်တိုးထပ်ယူ ယူရင်းနဲ့ လေးငါး ဆယ်ယောက်ဆိုတော့ မပေးနိုင်တော့ ထွက်ပြေး အဲဒီလိုဖြစ်ကုန်တာပေါ့။” အောက်ခြေဝန်ထမ်းတွေဟာ ဘာ့ကြောင့်များ ဒီလိုအကြွေးသံသရာလည်နေတာလဲဆိုတော့ ကိုကျော်ဒင်က သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ခုလိုမှတ်ချက်ပြုပါတယ်။ “တစ်အချက်က လစာမလုံလောက်တာ၊ နှစ်အချက်က အသုံးအစွဲမတတ်တာ၊ သုံးအချက်က ကျန်းမာရေး၊ လေးအချက်ကတော့ ကလေးတွေရဲ့ပညာရေး၊ အဲဒီအတွက်နဲ့ ချေးရင်း လည်ရင်း ပတ်ရင်းနဲ့ ကြာလာလေကြွေးနွံနှစ်လေဖြစ်နေတာပေါ့။ မသိင်္ဂီဝင်းက သူ့ယောက်ျားသာ အပြင်အလုပ်ကို လုပ်မယ်ဆိုရင် ခုထက်ဝင်ငွေကောင်းမှာဖြစ်ပြီး အကြွေးကင်းကင်းနဲ့ နေနိုင်လိမ့်မယ်လို့ ဆပါတယ်။ ဒါပေမယ့် ရန်ကုန်ဆိုတာ ကျောချစရာတခုအတွက် စရိတ်ကြီးမားလှတာကြောင့် ဒီသံလမ်းလုပ်သားအဖြစ်နဲ့ပဲ သည်းခံလုပ်ကိုင်နေရတာပါ။ “အပြင်မှာ ငှားနေမယ်ဆိုလည်း တလကို လေး ငါးသောင်း၊ ညီမတို့ဘဝမှာ ဘယ်လိုငှားနေလို့ရမှာလည်း။ အကြွေးကတမျိုး၊ ရှာရဖွေရတာတမျိုး အိမ်ငှားခက ဘယ်လိုပေးလို့ရမှာလဲ။” လို့ မသိင်္ဂီဝင်းက ပြောပါတယ်။ တနေ့တနေ့ ပလုံကောက်လိုက်၊ ရလာတဲ့ ပစ္စည်းလေးတွေကို ရောင်းချလိုက်၊ အတိုးပေးလိုက်နဲ့ သံသရာလည်နေတဲ့ ဘဝကနေ သူလွတ်မြောက်ချင်နေပါပြီ။ သူ့သားသမီးလေးတွေ လက်ထက်မှာတော့ ဒီ့ထက်ကောင်းမွန်တဲ့ အခြေအနေတခုကို ရောက်လာလိမ့်မယ်လို့လည်း သူကအကောင်းမြင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ မသိင်္ဂီဝင်းဟာ ညနေတိုင်းညနေတိုင်း အိတ်ကြီးတစ်လုံးကိုလွယ်ပြီး ရန်ကုန်မြို့ထဲက အမှိုက်ပုံးတွေဆီကို လျှောက်လှမ်းနေဆဲပါ။ စိုးသီဟ
5 years Ago
Up