ဝမ်းတွင်းတွင်

March 3, 2018

ဝမ်းတွင်းတွင် ၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၁၀ တန်းကျောင်းသားကို ဖမ်းဆီး

ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ရွာ မတ်လ ၂ ရက်နေ့က ၄ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၅ နှစ်ရှိ ၁၀ တန်းကျောင်းသားက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက လာရောက် အမှုဖွင့်ခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ‎သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မ------ အပေါ့သွားပြီးချိန်မှာ မိန်းမကိုယ်က နာတယ်ပြောတာကြောင့် မိခင်ဖြစ်သူက ကြည့်ရှုရာမှာ မိန်းမကိုယ်မှာရဲနေပြီး သွေးစလေးတွေ တွေ့လို့ သမီးဖြစ်သူအား ဖြစ်စဉ်ကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ သမီးဖြစ်သူက မတ်လ  ၁ ရက်နေ့ နေ့လယ်က တရွာတည်းနေ ၁၀ တန်းကျောင်းသား ထက်နိုင်ဇော်ရဲ့ အဘိုးအဘွားတွေ နေအိမ်ဝင်းထဲက ဒန်းစင်မှာ ဒန်းစီးနေချိန် ထက်ဇော်နိုင်က အဲဒီအိမ်ရဲ့ အနောက်ခန်းထဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြခဲ့လို့ မိခင်က အဓမ္မပြုကျင့်သူ အသက် ၁၅ နှစ်ရှိ ၁၀တန်းကျောင်းသား ထက်ဇော်နိုင်ကို အမှုလာဖွင့်တာပါလို့ ဆက်ပြောပါတယ်။ အခုလို ကလေးသူငယ် မုဒိမ်းမှုနဲ့ ပတ်သက်လို့ ရွှေတောင်ရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက "ကလေးသူငယ်တရားရုံးကို တင်ထားပါတယ်။ တရာသူကြီးရဲ့ ဆုံဖြတ်ချက်ရမှ ဆက်လုပ်ရမှာပါ။ အများအားဖြင့်တော့ လူငယ်ပြုစုပျိုးထောင်ရေးကို ပို့ပေးရတယ်" လို့ ပြောပါတယ်။ ခရိုင်ဒုစရိုက်နှိမ်နင်းရေး ရဲအုပ်တင်ထွန်း‎အောင်က "ဝမ်းတွင်းမှာ မှုခင်းကျဆင်းရေး ဟောပြောပွဲတွေ အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်း ထပ်လုပ်မယ်။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ ပြည်သူတွေနဲ့ ပူးပေါင်းပြီး လှည့်ကင်း ပတ်ကင်းတွေနဲ့ ၂၄ နာရီလုံး ပြည်သူအခြေပြု ရဲလုပ်ငန်းတွေ ထပ်တိုးပြီး လုပ်ဆောင်သွားမှာပါ"လို့ ပြောပါတယ်။ ဒေသခံဆရာ ဦးအောင်နိုင်ဦးက"ခေတ်ကာလရဲ့ဝန်နဲ့ အသိပညာအား မမျှတမှုတခုပါ။ ခေတ်က ဆက်သွယ်ရေးကွန်ရက်တွေနဲ့ အခြားတိုးတက်မှုတွေ များလာကြတယ်။ စာရိတ္တနဲ့ အသိပညာအား ဆိုတဲ့အရာကနည်းနေတော့ မလိုလားအပ်တဲ့ ပြစ်မှုတွေ ဖြစ်လာတယ်"လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မုဒိမ်းမှုမြောက်မမြောက်ဆိုတာ သိရဖို့အတွက် ပင်းတလဲဆေးရုံမှာ  ဆေးစစ်ထားပြီး အဖြေတော့ မရသေးဘူးလို့ ပင်းတလဲစခန်းမှူးက ပြောပါတယ်။ ရွှေတောင်ရဲစခန်းက ထက်ဇော်နိုင်အား အဓမ္မပြုကျင့်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

December 31, 2017

ဝမ်းတွင်းတွင် ဆိုင်ကယ်ပေါ်မှ နောက်လန်ကျ၍ အမျိုးသမီး ၁ ဦး သေဆုံး

ဝမ်းတွင်းမြို့နယ်၊ မြောက်ဇချမ်းကုန်းရွာအထွက် တံတားပေါ်အတက်မှာ ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ဆိုင်ကယ်ပေါ်ကနေ နောက်လန်ကျပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ ရွှေဖြိုးက ဆိုင်ကယ်မောင်းပြီး အဒေါ်ဖြစ်သူ ဒေါ်တင်သာကို ဝမ်းတွင်းမြို့ဘက်လိုက်ပို့ချိန် ရွာအထွက်တံတားပေါ် အတက်မှာ ဆိုင်ကယ်ခုန်ကာမြောက်သွားပြီး အဒေါ်ဖြစ်သူ နောက်လန်ကျကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ တာဝန်ကျရဲအရာရှိကပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းဒုရဲအုပ်အောင်ကိုကိုက “ဒေါ်တင်သာ နှာခေါင်းက သွေးထွက်နေတယ်။ ဦးခေါင်းနောက်စေ့ ဖူးရောင်နေတယ်။ အခင်းဖြစ်နေရာမှာ သေဆုံးပြီး ဝမ်းတွင်းဆေးရုံ ပို့ပေးတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက ရွှေဖြိုး ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up