ဝန်ကြီးချုပ်ဟောင်း မဟာသီယာ

May 5, 2018

ဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ ရုပ်ပုံများ ဖယ်ရှားခံနေရ

  မလေးရှားရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ ရုပ်ပုံတွေကို ရွေးကောက်ပွဲ ပိုစတာတွေကနေ ဖယ်ရှား ခံနေရပါတယ်။ မလေးရှားနိုင်ငံအတွင်း မေလမှာကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အစိုးရအရာရှိတွေဟာ လမ်းတွေပေါ်မှာ ကင်းလှည့်နေပြီး ရွေးကောက်ပွဲ ကြော်ငြာပိုစတာတွေပေါ်က အတိုက်အခံ ခေါင်းဆောင် မဟာသီယာရဲ့ ပုံတွေကို လိုက်ဖယ်နေကြတာပါ။ မဟာသီယာက မဟုတ်မမှန်သတင်းတွေ လွှင့်တယ်လို့ စွပ်စွဲပြီး ရဲဌာနကလည်း စုံစမ်းစစ်ဆေးနေပါတယ်။ ဂျိုဟာပြည်နယ်မှာ အတိုက်အခံပါတီရဲ့ ကြော်ငြာဆိုင်းဘုတ်တွေက မဟာသီယာရဲ့ ရုပ်ပုံတွေကိုလည်း ဖယ်ရှားနေပါတယ်။ အခုလို လုပ်ဆောင်ချက်ဟာ ရွေးကောက်ပွဲမှာ လက်ရှိ ၀န်ကြီးချုပ် နာဂျစ် ရာဇက်ကို ပိုပြီးအခွင့်သာစေဖို့ ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက သုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ပါတီရဲ့ တရားဝင်ပုံတွေကိုသာ အသုံးပြုဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လမ်းညွှန်ချက်နဲ့ လိုက်လံဖယ်ရှားနေတာပါ။ မဟာသီယာဟာ အတိုက်အခံပါတီရဲ့ ညွန့်ပေါင်းကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာကြောင့် သူရဲ့ကိုယ်ပိုင်ပါတီ မဟုတ်တဲ့အတွက် ကိုယ်ပိုင်ရုပ်ပုံ သုံးစွဲခွင့် မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ “ဒီမနက်ပဲ ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ကျနော်အကြံပေးခဲ့ပါတယ်။ သူလည်း ၀န်ကြီးချုပ်နေရာအတွက် ရွေးကောက်ခံမယ့် သူတယောက်ပဲလေ” လို့ အတိုက်အခံညွန့်ပေါင်းပါတီဝင်တဦးက ပြောပါတယ်။ သက်တမ်းရှည် ၀န်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ မဟာသီယာဟာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ရဲ့ ဆရာတဦးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ လမ်းခွဲပြီး အတိုက်အခံတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
3 years Ago
Up