ဝတ်ဖို့ဒ်ကို အနိုင်ရခဲ့သော်လည်း တန်းဆင်းသွားရသည့် နောဝစ်ခ်ျ

A d v e r t i s e m e n t With Us

May 12, 2016

ဝတ်ဖို့ဒ်ကို အနိုင်ရခဲ့သော်လည်း တန်းဆင်းသွားရသည့် နောဝစ်ခ်ျ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောဝစ်ခ်ျနဲ့ ၀တ်ဖို့ဒ်တို့ မေလ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ နောဝစ်ခ်ျက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နောဝစ်ခ်ျဟာ ဒီပွဲအနိုင်ရရင် တန်းဆင်းဇုန်က လွတ်ဖို့ မျှော်လင့်ချက်ရှိတဲ့အတွက် ကြိုးစား ယှဉ်ပြိုင်သွားခဲ့သလို ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အနည်းငယ် အသာစီး ရခဲ့ပါတယ်။ ဒါပေမယ့် တချိန်တည်းယှဉ်ပြိုင်တဲ့ တန်းဆင်းဇုန် ကပ်လျက်အသင်း ဆန်းဒါးလန်းက အဲဗာတန်ကို အနိုင်ရပြီး တန်းဆင်းဇုန်က လွတ်သွားလို့ နောဝစ်ခ်ျအနေနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကဆင်းပြီး ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲအတွက် အဖွင့်ဂိုးကိုတော့ ၀တ်ဖို့ဒ်က ရယူနိုင်ခဲ့ပြီး ပွဲအစ ၁၀ မိနစ်မှာ ထရွိုင် ဒီနေးက သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၁၅ မိနစ်မှာ ရက်မွန်နဲ့ ၁၈ မိနစ်မှာ အမ်ဘိုကာနီတို့က နောဝစ်ခ်ျအတွက် ၂ ဂိုး သွင်းယူပေးခဲ့သလို ၃၇ မိနစ်မှာ ၀တ်ဖို့ဒ်ကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းခဲ့တဲ့အတွက်လည်း ပထမပိုင်းအပြီးမှာ နောဝစ်ခ်ျက ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာ အစ်ဂ်ဟာလိုက ၀တ်ဖို့ဒ်အတွက် တဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် ၅၇ မိနစ်မှာ အမ်ဘိုကာနီကပဲ နောဝစ်ခ်ျအတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုး ထပ်မံသွင်းယူခဲ့လို့ ပွဲအပြီးမှာ နောဝစ်ခ်ျက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲစဉ်အပြီးမှာ နောဝစ်ခ်ျက ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်ပြီး တန်းဆင်းသွားခဲ့ရပါတယ်။ ၀တ်ဖို့ဒ်ကတော့ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up