ဝတပ်ဖွဲ့

A d v e r t i s e m e n t With Us

January 18, 2019

ဝတပ်ဖွဲ့ထံ ခိုလှုံနေသည့် စစ်ဘေးရှောင်များကို တပ်မတော်က နေရပ်ပြန်ပို့

မိုင်းပန်မြို့နယ်မှာ တိုက်​ပွဲကြောင့်​ ဒေသလုံခြုံမှု မရှိတဲ့အတွက်​ ​နေရပ်​စွန့်​ခွာပြီး UWSA နယ်​​မြေထဲ လာရောက်ခိုလှုံနေတဲ့ ဒေသခံ အိမ်​​ထောင်​စု ၈၂ စုကို တပ်မတော်က နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက မိုင်းပန်မြို့နယ် ပန်​ပီး​ဒေသ နားမွန်းကျေးရွာအုပ်စုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ ဒေသခံတွေ ထွက်ပြေးလာပြီး UWSA ၀တပ်ဖွဲ့မှာ ခိုလှုံနေကြတာပါ။ ပအိုဝ်းတိုင်းရင်းသား အိမ်​​ထောင်​စု ၈၂ စုကို UWSA ၀တပ်ဖွဲ့ စစ်​​ဒေသ ၁၇၁ တပ်​မဟာ ၇၇၈ အ​ခြေစိုက်​ရာ ခိုင်းလုံမှတဆင့် တပ်​မ​တော်​စစ်​ဗျူဟာသုံးခုက မိုင်းတုံမြို့နယ်​ ​ဒေသခံ၊ ဌာနဆိုင်​ရာတွေနဲ့ ပူး​ပေါင်းပြီး ​နေရပ်​ပြန်​ပို့​တာနဲ့ ​ထောက်​ပံ့မှုတွေကို  ဇန်​နဝါရီ ၁၇ ရက်​​နေ့က ​ဆောင်​ရွက်​ခဲ့တာလို့ မိုင်းတုံအ​​ခြေချစစ်​ဗျူဟာ အဖွဲ့စစ်​ဗျူဟာမှူး ဗိုလ်​မှူးကြီး​ အောင်​နိုင်​ဦးက ပြောပါတယ်။ "ခိုင်းလုံက​နေ မ​နေ့က ဖိုးဝှီးယာဉ်​ငယ်​​တွေနဲ့ မုံးထ​ရှေ့တန်းဗျူဟာကို ပို့​ပေးတာ။ ဒီမနက် ​မုံးထက​နေ ဆက်​ပို့လာလို့ နား​ကောင်းမူးက​နေ သွားကြို​ခေါ်လာပြီး အခု​နေ့လယ်​စာ​ကျွေး​မွေးပြီး စာနပ်​ရိက္ခာ၊ အဝတ်​အထည်​နဲ့ ငွေကျပ်​ ၁၅ သိန်း​ကျော် ​​ထောက်​ပံ့​ပေးမှာပါ။ ပြီးရင်​ တာဆန်းအ​ရောက် ​ဒီက​နေ့ ဆက်​ပို့​ပေးမှာပါ။" ၂၀၁၈ ခုနှစ် ​ဒီဇင်​ဘာလ ၃၁ ရက်​​နေ့ညမှာ မိုင်းပန်​မြို့နယ်​ ပန်​ပီးဒေသ ​နားမွန်းကျေးရွာအုပ်စုမှာ RCSS နဲ့ PNLA တပ်​တွေ ထိ​တွေ့တိုက်​ပွဲဖြစ်​ခဲ့ပြီးနောက် RCSS က ရွာကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာကြောင့် ထွက်ပြေးခိုလှုံခဲ့တာလို့ ရပ်​မိရပ်​ဖတဦးက ပြောပါတယ်။ RCSS/SSA အဖွဲ့ ​တောင်​ကြီး ဆက်ဆံရေးရုံး တာဝန်ခံ​ ဗိုလ်မှူးကြီး စိုင်းဦးကတော့ ခြိမ်းခြောက်တာမျိုးမရှိဘဲ တိုက်ပွဲကြောင့် ရွာမှာမနေရဲလို့ ထွက်ပြေးကြတာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အဆိုပါ​နေရပ်​စွန့်​ခွာထွက်​​ပြေးလာသူ အိမ်​​ထောင်​စု ၈၂ စုလူဦး​ရေ ၃၀၉ ဦးထဲမှာ  အမျိုးသမီးနဲ့ က​လေးသူငယ်​​တွေများပြားတယ်လို့ သိရပါတယ်။ နေရပ်​စွန့်​ခွာလာသူ ပအိုဝ်းတိုင်းရင်းသား​တွေကို ဇန်​နဝါရီ နေရင်း​ကျေးရွာတွေကို လင်း​ခေးစစ်​​ဗျူဟာမှူးကိုယ်​တိုင် ဒီနေ့ ဆက်လက်ပို့​ဆောင်​​​ပေးသွားမယ်လို့ သိရပါတယ်။ ​အောင်​​ဇေယျ(မိုင်းတုံ)
2 years Ago

November 24, 2016

ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ၀ တိုက်တွန်း

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။ ၀တပ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာ မြန်မာ့ တပ်မတော်နဲ့ NMDAA၊ TNLA၊ AA နှင့် KIA တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်မတော်တို့ အနေနဲ့အခြေအနေအားလုံး ပေါ်မှာစဉ်းစားပေးပြီး နှစ်ဘက် အမြန်ဆုံး အပစ်ရပ်ကြဖို့၊ မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ တရုတ်ဘာသာနဲ့ ဖော်ပြပါတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ဒီလိုမျိုး အခင်းအကျင်းဖြစ်တဲ့ဥစ္စာကို လက်နက်နဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တွန်းအားပေးတယ်။ တိုက်တွန်းတယ်။ အဲလိုမျိုး စစ်ရေးနဲ့ နိုင်ငံအရေးဖြေရှင်းခဲ့လို့ နှစ် လေးငါးခြောက်ဆယ်ရှိပြီ ပေါ့နော်။ ဘာမှအကျိုးလည်း ဖြစ်မပေါ်လာဘူးပေါ့နော်။ အဲဒါ နိုင်ငံရေး နည်းနဲ့ဆွေးနွေးဖို့၊ ၀အနေနဲ့ ဘယ်လိုအခန်းဂဏ္ဍကနေ ပါဝင်ကူညီရမလဲဆိုတာ ပြောတာပေါ့ နော်။” ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ မြန်မာပြည် ပြည်တွင်းစစ်ကို စစ်ရေးအရ မဖြေရှင်းနိုင်၊ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ လည်း ထုတ်ပြန်ပါတယ်။ UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လက်နက်ကိုင်အင်အားအကြီးဆုံး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ UWSA ဌာနချုပ်ဟာ တရုတ်ပြည်နဲ့ မြန်မာပြည် အရှေ့မြောက်ဘက် နယ်စပ်ချင်း ထိနေတဲ့နေရာမှာ အခြေစိုက်ထားတာပါ။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်ဝေးမှာ တန်းတူရည်တူ ပါဝင်နိုင်ရေးကိုရှေ့ရှုကာ ငြိမ်းချမ်းရေးခရီးကို အတူလက်တွဲပြီး လျှောက်လှမ်းရန် နိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်းစုကြည်က မနေ့က ထုတ်ပြန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
4 years Ago
More News
Up