ဝင်ရိုက် (ရုပ်သံ)

September 16, 2017

ကင်ညာရွေးကောက်ပွဲ အစည်းအဝေးတခုတွင် အမျိုးသမီးများကို လူတစုက ၀င်ရိုက် (ရုပ်သံ)

by dvburma ကင်ညာနိုင်ငံ အနောက်ဘက်ခြမ်း ကိစုမု (Kisumu) မြို့မှာ ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးတခု ပြုလုပ်နေတဲ့ အမျိုးသမီးတွေကို လူတစုက ဟိုတယ်ထဲထိ ဝင်ရိုက်ခဲ့ပါတယ်။ ဒီလူတွေကို လူစုခွဲဖို့အတွက် ရဲတွေက လေထဲကို သေနတ်ပစ်ဖောက်တာတွေ လုပ်ခဲ့သလို မျက်ရည်ယိုဗုံးတွေလည်း သုံးခဲ့ပါတယ်။ ကင်ညာနိုင်ငံမှာ သြဂုတ် ၈ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ၃ ပတ်ကြာတဲ့အခါမှာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ မှန်ကန်မှုမရှိဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီး သမ္မတနဲ့ အစိုးရရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ သတ်မှတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနဲ့ ပတ်သက်ပြီး ခရစ်ယာန်အမျိုးသမီးများ အဖွဲ့အစည်းက စက်တင်ဘာ ၁၃ ရက်နေ့မှာ အစည်းအဝေးတခုပြုလုပ်နေစဉ် အစည်းအဝေးလုပ်နေတဲ့ ဟိုတယ်ထဲကို အမျိုးသားတစုက ဝင်ရောက်ပြီး အစည်းအဝေးထဲက အမျိုးသမီးတယောက်ကို ရိုက်နှက်တာတွေ လုပ်ခဲ့ပါတယ်။ “သူတို့ကို ဘယ်သူလွှတ်လိုက်တာလဲ၊ သူတို့ ဘာလုပ်ချင်တာလဲဆိုတာကို သိချင်တယ်။ သူတို့က ဘာဖြစ်လို့ မဲပေးသက်သေခံကတ်ပြားတွေ ဝယ်နေတာလဲ”လို့ တိုက်ခိုက်သူ တစ်ယောက်ကဒေါသတကြီး မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီဒေသဟာ အတိုက်အခံပါတီခေါင်းဆောင် ရေလာအိုဒင်ဂါ (Raila Odinga) ရဲ့ အမာခံနယ်မြေဖြစ်ကြောင်း သိရပါတယ်။ အဲဒီလူတွေက ဟိုတယ်မှန်တံခါးတွေနဲ့ ထိုင်ခုံတွေကို ရိုက်ချိုးဖျက်ဆီးတာတွေလုပ်ခဲ့ပြီး၊ ခုံကျိုးတွေနဲ့ အစည်းအဝေးလုပ်နေသူတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုအစည်းအဝေးမှာ မဲပေးသူတွေ အသုံးပြုရမယ့် သက်သေခံကတ်ပြားအတုတွေ လုပ်မယ့် အစီအစဉ်အတွက် အစည်းအဝေးလုပ်နေတာ ဖြစ်တယ်လို့ Social media တွေနဲ့ Whatsapp groups တွေမှာ ကောလာဟလတွေ ပျံ့နှံ့နေခဲ့ရာကနေ အခုလို တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။ “ကျမတို့က အစည်းအဝေးမိတ်ဆက်နေတုန်းပဲရှိသေးတယ်။ ငြိမ်းချမ်းရေးမှာ ကျမတို့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲဆိုတာတွေ ပြောနေကြတာပါ။ ပထမပိုင်းမပြီးခင်မှာပဲ လူတစ်အုပ်ဝင်လာပြီး ကျမတို့ကို အခန်းထဲကနေ ထွက်သွားခိုင်းတယ်။”  လို့ အစည်းအဝေးတက်ရောက်နေသူတစ်ဦးက ပြောပါတယ်။ အင်တာနက်ပေါ်မှာ သတင်းအတုတွေနဲ့ ကောလာဟလတွေလည်း ဘက်ပေါင်းစုံကနေ ထွက်ပေါ်နေပါတယ်။ အစည်းအဝေးထဲမှာ ပါဝင်သူတွေကတော့ ကောလာဟလတွေကို ငြင်းဆိုပြီး ရွေးကောက်ပွဲကို ငြိမ်ငြိမ်းချမ်းချမ်း ပြုလုပ်သွားနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်နေတာလို့ ပြောခဲ့ပါတယ်။
4 years Ago
Up