ဝက်-လူသား သန္ဓေသားလောင်း အမေရိကန်ပညာရှင်များ ဖန်တီး (ရုပ်သံ)

January 28, 2017

လူသား-၀က် သန္ဓေသားလောင်း အမေရိကန်ပညာရှင်များ ဖန်တီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု California Salk အင်စတီကျူ့က သိပ္ပံပညာရှင်တွေဟာ လူသား-၀က် သန္ဓေသားလောင်းတခုကို ဖန်တီးခဲ့ကြောင်း Cell ဆေးပညာဂျာနယ်မှာ  ဇန်န၀ါရီ ၂၆ ရက်နေ့က ဖော်ပြလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူသားတွေအတွက် အစားထိုးကုသဖို့လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသက်ရှင်နေတဲ့ ၀က်တွေအတွင်းမှာ ကြီးထွားအောင် မွေးမြူဖို့ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါမောက္ခ ဂျူဝမ် ကားလို့စ် ဘယ်လ်မွန်တီက “ကျနော်တို့ လုပ်နေတာက လူ့သားရဲ့ပင်မဆဲလ်ကို အသက်ရှင်နေတဲ့ သဘာဝတိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ထဲ့သွင်းလိုက်တာပါပဲ။ လူ့သားရဲ့ပင်မဆဲလ်ဟာ တိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြီးထွားနိုင်ပါတယ်။ အဲဒီမျိုးလောင်းကနေ နှလုံး၊ အသဲနဲ့ ပန်ကရိယတွေဖြစ်လာနိုင်ပါတယ်။ ဒီစမ်းသပ်ချက်ဟာ အတော့်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ လူသားဆဲလ်တွေ တိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုကြီးထွားလာသလဲဆိုတာကို ပထမဆုံးအကြိမ် မြင်တွေ့နိုင်ပါတယ်”လို့ ရှင်းပြသွားပါတယ်။ “လိုအပ်နေတဲ့ လူသားတွေကို အစားထိုးကုသဖို့အတွက် လူသားဆဲလ်နဲ့တစ်ရှူးတွေကို တရိစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြီးထွားလာအောင်လုပ်တာဟာ ပထမအဆင့်သာ ရှိသေးကြောင်း၊ လက်တွေ့မှာ အလှူရှင်နဲ့ လိုအပ်သူအကြား ဆဲလ်တွေ အပြန်အလှန်ချိတ်ဆက်အလုပ်လုပ်နိုင်မှု ရှိမရှိ ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေ အများကြီးလုပ်ဖို့ လိုသေးကြောင်း” ပါမောက္ခ ဂျူဝမ် ကားလို့စ် ဘယ်လ်မွန်တီက ရှင်းပြသွားပါတယ်။
5 years Ago
Up