မြှုပ်နှံခွင့်ပြု

July 2, 2018

ဂျူးအမျိုးသမီး ဆီမွန်ဗေးလ်၏ရုပ်အလောင်းကို ပြင်သစ်နိုင်ငံတော်ဂူဗိမာန်တွင် မြှုပ်နှံခွင့်ပြု

နာဇီခေါင်းဆောင် ဟစ်တလာရဲ့ နာမည်ကျော် ဟိုလိုကော့စ် အကျဉ်းစခန်းကနေ အသက်မသေ လွတ်မြောက်ခဲ့တဲ့ ထင်ရှားတဲ့လူ့အခွင့်အရေးလှုပ်ရှားသူ ဂျူးအမျိုးသမီး ဆီမွန်ဗေးလ်ရဲ့ ရုပ်အလောင်းကို ပြင်သစ်အစိုးရက နိုင်ငံတော်ဂူဗိမာန်မှာ တလေးတစား မြှုပ်နှံခွင့်ပြုလိုက်ပါတယ်။ ဟိုလိုကော့စ် အကျဉ်းစခန်းကနေ လွတ်မြောက်ခဲ့သူ  ဂျူးအမျိုးသမီး ဆီမွန်ဗေးလ်ဟာ ၁၉၇၉ ခုနှစ်က ဥရောပပါလီမန် ဥက္ကဋ္ဌအဖြစ် ပထမဆုံးရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ၂ဝဝ၇ ခုနှစ်ကစပြီး ဆီမွန်ဗေးလ်ဟာ ပြင်သစ်နိုင်ငံရေးလောကမှာ လူအများ ချစ်ခင်လေးစားမှုကို ရရှိခဲ့ပြီး လူကြိုက်အများဆုံး နိုင်ငံရေးသမားတွေထဲမှာ ပါဝင်ခဲ့ပြီး လွန်ခဲ့တဲ့ တစ်နှစ်က အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအတွက် ပြင်သစ်အစိုးရက ဆီမွန်ဗေးလ်ရဲ့ ရုပ်အလောင်းကို နိုင်ငံတော်ဂူဗိမာန်မှာ ဂုဏ်ပြုမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “ပြင်သစ်နိုင်ငံဟာ ဆီမွန်ဗေးလ်ကို ချစ်မြတ်နိုးပါတယ်။ အမျိုးသမီးအခွင့်အရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့ ဆီမွန်ဗေးလ်ရဲ့ ရုန်းကန်မှုတွေကို ချစ်မြတ်နိုးပါတယ်” လို့ ပြင်သစ် သမ္မတ မာခွန်းက ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ဟာ နောင်လာနောက်သားတွေအထိ မစောင့်ဘဲ ဆီမွန်ဗေးလ်ကို သွန်သီယွန် ဂူဗိမ္မာန်မှာ ဂုဏ်ပြုမြှုပ်နှံလိုပါတယ်။ ဒါမှ သူရဲ့ ကြိုးပမ်းမှုတွေ၊ ဂုဏ်သိက္ခာနဲ့ မျှော်လင့်ချက်ဟာ ဒီလိုခက်ခဲချိန်မှာ လမ်းညွှန်အမှတ်အသားအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်” လို့ သမ္မတ မာခွန်းက ပြောကြားခဲ့ပါတယ်။ ပြင်သစ်အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်ကလည်း ဆီမွန်ဗေးလ်ဟာ  အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ရရှိရေးကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခဲ့တာကြောင့် “ဗေးလ်ဥပဒေ” ရယ်လို့ပင် နာမည်တွင်ခဲ့ပါတယ်။ ဆီမွန်ဗေးလ်ရဲ့ ကြိုးပမ်းမှုကြောင့် ရိုမန်ကတ်သလစ်ဘာသာဝင် အများစုရှိရာ ပြင်သစ်နိုင်ငံဟာ ကိုယ်ဝန်ဖျက်ချခွင့်ကို ပထမဆုံး ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ဆီမွန်ဗေးလ်ရဲ့ အုတ်ဂူကို ခင်ပွန်းဖြစ်သူရဲ့ အုတ်ဂူနဲ့အတူ နိုင်ငံတော်ဂူဗိမ္မာန်မှာ ဂုဏ်ပြုမြှုပ်နှံထားရှိပါတယ်။
3 years Ago
Up