မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်ဘုရား ရင်ပြင်တော်မြောက်ဘက်ရှိ မဟာအတုလရံသီ တန်ဆောင်းတော်ကို အမရပူရခေတ်၊ တကောင်းခေတ် လက်ရာတွေနဲ့ ကျပ်သိန်း ၁၁၀၀ ကုန်ကျခံကာ ပြုပြင်မွမ်းမံနေတယ်လို့ ဂေါပကအဖွဲ့ထံက သိရပါတယ်။
မြသလွန်ဘုရား ဂေါပက ဘဏ္ဍာထိန်း ဒုဥက္ကဋ္ဌ ဦးအေးကျော်က “တန်ဆောင်း အတွင်းအပြင်အားလုံးကို မြန်မာမှု ဗိသုကာတွေထည့်သွင်းပြီးတော့ပြုပြင်မှာ ဖြစ်တယ်။ ဆရာတော်ကြီးတွေရဲ့ သြဝါဒကို ခံယူပြီး တိုင်ပုံစံ၊ ကနုတ်ပုံစံ၊ ပန်းပုံစံတွေကို မန္တလေးမြို့ တမ္ပဝတီဦးဝင်းမောင်အဖွဲ့က ဗိသုကာပညာရပ်တွေနဲ့ ပြုပြင်နေတာဖြစ်တယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။
အလျားပေ ၁၈၀ အနံပေ ၃၀ ရှိတဲ့ တန်ဆောင်း တော်ကြီးကို အလှူရှင်တွေ လှူဒါန်းထားတဲ့ နဝကမ္မအလှူငွေ ကျပ်သိန်း ၁၁၀၀ ကုန်ကျခံပြီးပြီးခဲ့တဲ့ ဇူလိုင်လက စတင် မွမ်းမံနေတာပါ။
တန်းဆောင်းတော်ကြီးဟာ ဝါတွင်းကာလ ဥပုသ်သည်တွေ နားနေတဲ့ နေရာလည်းဖြစ်ပြီး ဘုရားပွဲတော်မတိုင်ခင် အောက်တိုဘာ ၁၅ ရက်နေ့မှာ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မကွေးမြသလွန်ဘုရားကြီးဟာ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပြီး မြန်မာပြည်အနှံ့ရှိ ဘုရားဖူးတွေ လာရောက်ဖူးမြော်ကြကာ သီတင်းကျွတ်ပွဲတော်ရက်မှာ အထူးစည်ကားပါတယ်။
အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဘုရားဖူးတွေ လေကောင်းလေသန့်ရပြီး အေးချမ်းစွာ ဖူးမြော်နိုင်ဖို့ အခုလို တန်ဆောင်းတော်ကြီးကို ပြုပြင်မွမ်းမံပေးတာ ဖြစ်တယ်လို့ မြသလွန်ဘုရားဂေါပက အဖွဲ့က ပြောပါတယ်။
သတင်း-မင်းထီး
5 years Ago