မြန်မာ ၈ ဦးကိုဖမ်းမိ

February 9, 2018

တခြားသူ ပတ်စ်ပို့ဖြင့် ထိုင်းနိုင်ငံထဲဝင်လာသည့် မြန်မာ ၈ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် ကရပူရီမြို့နယ်မှာ တခြားသူ နိုင်ငံကူးလက်မှတ်ကို အသုံးပြုပြီး ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ မနေ့မနက်ပိုင်းက  ထိုင်းစစ်တပ်၊ လ၀က၊ ရဲနဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကျောပေါရောကျေးရွာအုပ်စု ရပ်ကွက် ၁ ရှိ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းတဲ့ ယာဉ်တွေကို စစ်ဆေးနေစဉ် ကရပူရီ - ချွန်းဖွန်းခရိုင်သွား လိုင်းကားတစ်စီးပေါ်ကနေ  မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးခဲ့တာလို့  စစ်တပ်တာဝန်ရှိသူတဦးကပြောပါတယ်။ သူတို့ဟာ ခါတိုင်းလိုဘဲ မှတ်ပုံတင်အထောက်အထားစစ်ဆေးရာမှာ ကားပေါ်ပါလာတဲ့ ခရီးသည် ၉ ဦးက မြန်မာပတ်စ်ပို့ စာအုပ်တွေထုတ်ပြခဲ့ကြောင်း၊ ဒါပေမယ့်  ၉ ဦးအနက် မူမူဝင်းဆိုသူ အမျိုးသမီးတဦးသာ လူနဲ့စာအုပ်ကိုက်ညီမှန်ကန်ပြီး ကျန် ၈ ဦးကတော့ အခြားသူရဲ့ စာအုပ်တွေကို ကိုင်ဆောင်လာတာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ မူမူဝင်းကို စစ်ဆေးချက်အရ သူမဟာ အဆိုပါ မြန်မာ ၈ ဦးကို ခေါ်ဆောင်လာသူဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှာ နေ့တွက် လုပ်အားခ ၃၀၀ ထက်ပိုရတော့မယ်လို့ သတင်းရလို့ အဆိုပါ ၈ ဦးကို ချွန်းဖွန်းခရိုင်မှာ အလုပ်သွင်းပေးဖို့  တဦးလျှင် ဘတ်ငွေ ၁၂၀၀ နှုန်းနဲ့  အခကြေးငွေယူပြီး ခေါ်ဆောင် လာတာလို့ ဆိုပါတယ်။ မြန်မာ ၈ ဦးကို ကော့သောင်းရှိ မသီသီဆိုသူက လူစုပေးထားကြောင်း၊ သူတို့ကိုင်တဲ့ နိုင်ငံကူးလက်မှတ်တွေကိုလည်း မသီသီက ရှာဖွေပေးကြောင်း၊ သူမနဲ့ မသီသီတို့ဟာ ဒီလိုပုံစံနဲ့  မြန်မာနိုင်ငံသားတွေကို ခေါ်သွင်းလာတာ ၆ ကြိမ်ရှိပြီဖြစ်ပြီး၊ အရင်က အခြား ထိုင်းခရီးသည်တွေပါပါလို့ စစ်ဆေးရေးက မရိပ်မိပေမယ့် ဒီတခေါက်မှာတော့ ကားပေါ်မှာ သူတို့ချည်းပါလာတာကြောင့် ခုလိုအဖမ်းခံရတာလို့ မူမူဝင်းက ပြောပါတယ်။ လိုင်းကားမောင်းသမား ထိုင်းလူမျိုးကတော့ သူဟာ ကျောပေါရောဂိတ်ကနေ သူတို့ကို တင်ဆောင်လာခဲ့ကြောင်း၊ ကားမစီးခင် အားလုံးမှာအထောက်အထားပါတယ်ဆိုလို့  တင်လာတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက  မူမူဝင်းနဲ့ မြန်မာ ၈ ဦးကို ဥပဒေအရ အရေးယူဖို့ ပါတ်ကျန်နယ်မြေရဲ စခန်းကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့  သတင်းထောက်ကို ပြောပါတယ်။
3 years Ago
Up