မြန်မာ ၂၇ ဦးကို  အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေး

August 23, 2018

မြန်မာ ၂၇ ဦးကို  အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေး

ဒုက္ခသည်အဖြစ်  အမေရိကန်မှာ ရောက်ရှိခိုလှုံ အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၂၇ ဦးကို အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။ အဲဒီ ၂၇ ဦးထဲမှာ ထိုင်းနယ်စပ်ကနေ အမေရိကန်ကိုသွားရောက်တဲ့ ကရင်တိုင်းရင်းသား ၂၀ နဲ့ ချင်းတိုင်းရင်းသား ၇ ဦးပါဝင်ပြီး မနေ့ သြဂုတ်လ ၂၂ ရက်က  ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ ပြည်နှင်ဒဏ်ခံရသူတွေဟာ အမေရိကန်နိုင်ငံသား မဖြစ်သေးတဲ့သူတွေဖြစ်ပြီး နိုင်ငံတွင်း ပြစ်မှုကျူးလွန်သူတွေဖြစ်ကြတယ်လို့ ကရင်အစည်းအရုံး အမေရိကန် (KOA) ဥက္ကဋ္ဌ မောရင်းစင်ဂျွန်နီက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့တွေကိုတော့ ဒီရက်ပိုင်းမှာပဲပို့မှာ။ ဒီဟာကျတော့ အမေရိကန်နဲ့မြန်မာက သူတို့ သဘောတူညီချက်တွေရှိတယ်။ ကျနော်တို့နိုင်ငံသား ပြစ်မှုကျူးလွန်ရင် ပြန်ပို့လို့ ရတယ်ဆိုတဲ့ အချက်ပေါ့။ ဒါကြောင့် ဗမာပြည်တခုထဲမဟုတ်ဘူး။ အမေရိကန်ပေါ်လစီသစ်ဟာ  ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ သက်ဆိုင်တယ်။ အမေရိကန်တောင်ပိုင်းဖြစ်စေ၊ အရှေ့တောင်အာရှ၊ ပစိဖိတ်ဒေသ တွေ အပါအ၀င်၊ အရှေ့အလယ်ပိုင်းဒေသ အပါအ၀င်ပေါ့။ ဘယ်သူမဆို အမေရိကန်နိုင်ငံသား မဖြစ်သေးခင်နဲ့ အမေရိကန်ဥပဒေတွေကို ချိုးဖောက်ရင် အထူးသဖြင့် ရာဇ၀တ်မှုတွေ ကျူးလွန်ရင် ပြန်ပို့ခံရမှာဖြစ်ပါတယ်။ ” လတ်တလော ပြန်ပို့တဲ့  မြန်မာနိုင်ငံက ၂၇ ဦးသာရှိပြီး အရေအတွက် ဒီထက်တိုးလာ နိုင်တယ်လို့လည်း ပြောပါတယ်။ ပြန်ပို့ခံရသူအများစုဟာ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူတွေနဲ့ ထောင်ကျဖူးသူ တွေဖြစ်ပြီး အခုသူတို့ကို ထောင်ကနေတိုက်ရိုက် မြန်မာပြည်ကို ပြန်လည်ပို့ဆောင်တာ ဖြစ်ပါတယ်။ ကရင်လူမျိုးအများစုဟာ နယ်စပ် ဒုက္ခသည်စခန်းတွေကနေ အမေရိကန်ကို ရောက်ရှိ ကြတာဖြစ်ပြီး တချို့မှာ မြန်မာနိုင်ငံသားလက်မှတ် ရှိသူမဟုတ်သလို မြန်မာစကား မတတ်သူတွေနဲ့ ရန်ကုန်မြို့ကို လုံးဝ မသိသူတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်သူတို့အတွက် စိုးရိမ်နေရသလို ပြန်ပို့ခံရတဲ့ မိသားစုတွေကို ကူညီနိုင်အောင် ဆက်သွယ်ဖို့လည်း  ကရင်အစည်းအရုံး အမေရိကန်(KOA)အနေက ကြေညာထားပါတယ်။ ဓာတ်ပုံ-KCRA
3 years Ago
Up