မြန်မာ ဘောလုံး

A d v e r t i s e m e n t With Us

July 9, 2015

မြန်မာဘောလုံး ဖီဖာ အဆင့်သတ်မှတ်ချက် ၁၉ ဆင့် ကျဆင်း

မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်အရ အရင်ကထက် အဆင့် ၁၉ ဆင့်လျော့ကျသွားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် သတ်မှတ်ချက်မှာ ကမ္ဘာ့အဆင့် ၁၄၃ နေရာမှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းဟာ အခု ဇူလိုင် ၉ ရက်နေ့ အသစ်ထုတ်ပြန်တဲ့ သတ်မှတ်ချက်မှာတော့ ၁၆၂ နေရာကို ကျဆင်းသွားတာပါ။ အရှေ့တောင်အာရှနိုင်ငံအသင်းတွေထဲမှာ ဖိလစ်ပိုင် အသင်းက ၁၃ ဆင့်တက်ပြီး အဆင့် ၁၂၄၊ ဗီယက်နမ်က ၁၆ နေရာကျသွားပြီး အဆင့် ၁၄၃၊ ထိုင်းက ၁၁ ဆင့်ကျပြီး အဆင့် ၁၄၀၊ မလေးရှားက ၆ နေရာကျသွားပြီး အဆင့် ၁၆၈၊ စင်ကာပူက ၄ နေရာ တက်သွားပြီး အဆင့် ၁၅၀၊ အင်ဒိုနီးရှားက ၉ နေရာ ကျသွားပြီး အဆင့် ၁၆၄၊ လာအိုက ၄နေရာကျပီး အဆင့် ၁၇၇၊ ကမ္ဘောဒီးယားက ၃ နေရာ ကျပြီး အဆင့် ၁၈၁ မှာ အသီးသီး ရပ်တည်နေပါတယ်။ မြန်မာဘောလုံးအဆင့်အတန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ၁၉၉၆ ခုနှစ်မှာ အဆင့် ၁၀၄ ထိ အမြင့်ဆုံးနေရာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ်မှာ ၁၇၂ နေရာထိ အနိမ့်ဆုံး အဆင့်ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာကိုတော့ အရင်က တတိယနေရာမှာရှိနေတဲ့ အာဂျင်တီနားအသင်းကရယူသွားပြီး ဂျာမနီက အရင် နံပတ် ၁ နေရာကနေ အဆင့် ၂ နေရာရောက်သွားပါတယ်။ အဲဒီနောက် ဘယ်ဂျီယံက အဆင့် ၃၊ ကိုလံဘီယာက အဆင့် ၄ နဲ့ နယ်သာလန်အသင်းက အဆင့် ၅ မှာ အသီးသီးရပ်တည်နေပါတယ်။ အမျိုးသမီး ဘောလုံးအဆင့်အတန်းသတ်မှတ်ချက်မှာတော့ အသစ်ထုတ်ပြန်ခြင်းမရှိသေးပဲ ပြီးခဲ့တဲ့ မတ်လ သတ်မှတ်ချက်အရ ဂျာမနီက အဆင့် ၁ အမေရိကန် အဆင့် ၂ ၊ ပြင်သစ် အဆင့်၃ ဂျပန် အဆင့်၎ ဆွီဒင်အဆင့်၅ နေရာ အင်္ဂလန်က အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ အရှေ့တောင်အာရှအသင်းတွေထဲ မြန်မာ အမျိုးသမီးအသင်းက အဆင့် ၄၃ နေရာ၊ ထိုင်းက အဆင့် ၂၉ နေရာ၊ ဗီယက်နမ်က ၃၄ နေရာ အသီးသီးရှိနေပါတယ်။
6 years Ago
Up