မြန်မာ-အိန္ဒိယနယ်စပ်

January 9, 2017

မြန်မာ-အိန္ဒိယနယ်စပ် နာဂဒေသခြံစည်းရိုးခတ်မည့်ကိစ္စ နိုင်ငံခြားရေးဌာနရှင်းလင်း

မြန်မာ-အိန္ဒိယနယ်စပ် နာဂဒေသမှာ မြန်မာဘက်က ခြံစည်းရုံး ကာရံမယ့် အစီအစဉ်ဟာ နှစ်နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်ပြီး မြန်မာ့ပိုင်နက်နယ်မြေထဲမှာ အဆောက်အအုံတွေလာဆောက်လုပ်တာ မရှိစေဖို့ အဓိကရည်ရွယ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ နယ်နိမိတ်မျဉ်းအနားနေထိုင်တဲ့ နှစ်ဖက်ဒေသနေပြည်သူတွေရဲ့ ထုံးထမ်းစဉ်လာနဲ့ အညီ တရားဝင်နည်းလမ်းနဲ့ နယ်နိမိတ်တွေကို ပုံမှန်ဝင်/ထွက်သွားလာတာကို ကန့်သတ်ဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ ခြံစည်းရိုးကာရံဖို့ အိန္ဒိယဘက်နဲ့ ညှိနှိုင်းထားပြီး၊ နှစ်နိုင်ငံ အကြားချုပ် ဆိုထားတဲ့ နယ်နိမိတ်စာချုပ်ပါ ပြဌာန်းတွေ အပါအ၀င် အစည်းအ‌ဝေးသဘောတူညီချက်တွေနဲ့ အညီဆောင်ရွက်သွားမယ် နယ်စပ်နေပြည်သူတွေ အဆင်ပြေစေဖို့ လိုအပ်တဲ့နေရာတွေမှာ ၀င်/ထွက်ပေါက်တံခါးတွေ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါတယ်။ မြန်မာ အိန္ဒိယနယ်နိမိတ် မှတ်တိုင် ဘီပီ-၁၄၅ နဲ့ ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုးကာရံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး အဆိုပါနယ်စပ်ဒေသမှာ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် အခြေအနေမှန်ကို အများပြည်သူတွေ သိရှိနိုင်ဖို့ ရှင်းလင်းထုတ်ပြန်တာလို့ နိုင်ငံခြားရေး ဌာန သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ခုလိုခြံစည်းရုံးကာမည့်ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-IM) အဖွဲ့နဲ့ အခြားလက်နက်ကိုင်အဖွဲ့ငယ်လေးတွေက အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ ဒီနယ်မြေတွေဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ မပေါ်ပေါက်ခင်ကတည်းက ဌာန နာဂတိုင်းရင်းသားတွေ တည်ရှိခဲ့တဲ့ နယ်မြေဖြစ်ပြီး နှစ်ဖက် နာဂမိသားစုအသိုင်းအ၀န်းအကြား ခုလို ခြံစည်းရိုးခတ် နယ်မြေပိုင်းခြားတာကိုလက်မခံဘူးလို့လည်း နာဂလက်နက်ကိုင်တွေက ကြေညာ ထားပါတယ်။
5 years Ago
Up