မြန်မာ ယူ ၂၃

June 19, 2015

ဆီးဂိမ်းရွှေတံဆိပ်ဆုရ ထိုင်းယူ ၂၃ အသင်း ဆုကြေး ဘတ်ငွေ၂၂ သန်းကျော်ရရှိ

စင်ကာပူ ဆီးဂိမ်းရွှေတံဆိပ်ဆုရ ထိုင်းယူ ၂၃ ဘောလုံးအသင်းဟာ အစိုးရနဲ့  ပုဂ္ဂလိက ကုမ္ပဏီတွေက ပေးအပ်တဲ့ ဆုကြေး ထိုင်းဘတ်ငွေ ၂၂ သန်းကျော် ရရှိမယ်လို့ ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။ ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ၀ိုရာဝီမကာဒီက  ထိုင်းယူ ၂၃ ဘောလုံးအသင်းကို   မနေ့က ဘတ်ငွေ ၁၂ သန်းချီးမြှင့်ခဲ့ပြီး ပျော်စရာကောင်းတဲ့ နေ့ဖြစ်တဲ့အကြောင်း  ထိုင်းပြည်သူတွေဆီကို ပျော်ရွှင်ခြင်းတွေ ဆောင်ယူလာပေးတဲ့အတွက် အသင်းကို ကျေးဇူးတဲ့အကြောင်း အားလုံးဆက်ကြိုးစားပြီး အာရှထိပ်တန်းအသင်းတသင်းဖြစ်အောင် အပြင်းအထန်ကြိုးစားရမယ်လို့ ပြောပါတယ်။ အနိုင်ရ ထိုင်းဘောလုံးသမားတွေအတွက်  ဘီယာချမ်းကုမ္ပဏီက လည်း ထိုင်းဘတ်ငွေ ၂ သန်း၊ တိုယိုတာကားကုမ္ပဏီက ၂ သန်း၊ ထိုင်းပရီးမီးယားဘောလုံးအဖွဲ့ချုပ်က ၁၀ သန်း၊ စီးတီးဘဏ်က ဘတ် ၅ သိန်း၊   ထိုင်းဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့က ဘောလုံးသမား တဦးလျှင် ဘတ် ၂ သိန်းစီနဲ့ အယောက် ၂၀ စာ ဘတ်ငွေ  ၄ သန်း စသဖြင့် ချီးမြှင့်ခဲ့ကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုချာကတော့ အောင်မြင်တဲ့ ကစားသမားတွေအတွက် ဘာဆုချမလဲလို့ ထိုင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို  “သူ့ရဲ့ ကိုယ်ပိုင်ဆုငွေပမာဏကတော့ သူဟာ လစာ ၁ လ ဘတ် ၇၅၀၀၀ သာရပြီး ထိုင်းဥပဒေအရ  နိုင်ငံရေးသမားတွေဟာ သူများကို ဆုငွေ ဘတ် ၃ ထောင်ထက်ပိုပြီး ဆုမချရဘူးလို့ ပြောထားတဲ့အတွက် သူ့အနေနဲ့ တသင်းလုံးအတွက် ဘတ် ၃ ထောင်ပဲ ဆုချမယ်လို့ သတင်းထောက်တွေကို နောက်ပြောင်ပြီးဖြေကြားသွားပါတယ်။ ထိုင်း ယူ ၂၃ ဘောလုံးအသင်းဟာ  ၂၈ ကြိမ်မြောက် စင်ကာပူ ဆီးဂိမ်းဗိုလ်လုပွဲမှာ မြန်မာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးဂိမ်းရွှေတံဆိပ်ကို  ၁၅ ကြိမ်မြောက် ရယူပေးခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ထိုင်းအသင်းက ပြိုင်ဘက်တွေကို သွင်းဂိုးစုစုပေါင်း ၂၄ ဂိုးသွင်းယူပြီး ပေးဂိုး ၁ ဂိုးနဲ့  ရှုံးပွဲမရှိ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။ ဆီးဂိမ်းအနိုင်ရ ထိုင်းဘောလုံးအသင်းရဲ့ နောက်ထပ်ရည်မှန်းချက်ကတော့  လာမယ့် ၂၀၁၆ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကစားဖို့ဖြစ်တယ်လို့ ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကပြောပါတယ်။  
7 years Ago

June 16, 2015

မြန်မာယူ ၂၃ အသင်း တော်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဆီးဂိမ်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ ၂၃ အသင်းသားတွေက တော်ကြတယ်။ ကျေနပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေး မစတင်မှီမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တီဗွီကနေ ဘောလုံးပွဲကို တခါမှအစအဆုံး မကြည့်ခဲ့ဘူးပေမယ့် မနေ့က မြန်မာဒုတိယရခဲ့တဲ့ ဗိုလ်လုပွဲကို အစအဆုံးကြည့်ခဲ့တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံကနေ အခုလိုကစားတာ သိပ်မကြာသေးပေမယ့် ကစားသမားတွေဟာ တော်တော်ကို တော်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
7 years Ago

မြန်မာ ယူ ၂၃ ကစားသမား စည်သူအောင် ဂိုးသွင်းအများဆုံးအဖြစ် ပူးတွဲရပ်တည်

ဆီးဂိမ်းဘောလုံးပြိုင်ပွဲဝင် မြန်မာ ယူ ၂၃ ဘောလုံအသင်းက ကွင်းလယ်ကစားသမား စည်သူအောင်ဟာ ထိုင်းတိုက်စစ်မှူး ချန်နာနန် ပွမ်ဘက်ဖာ၊ ဗီယက်နမ် ကွင်းလယ်လူတို့နဲ့အတူ  သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ စည်သူအောင်ဟာ အုပ်စုပွဲစဉ်တွေတုန်းက အင်ဒိုနီးရှားကို နိုင်တဲ့ပွဲမှာ ၂ ဂိုး၊ ဖိလစ်ပိုင်ကို နိုင်တဲ့ပွဲမှာ ၁ ဂိုး၊ ကမ္ဘောဒီးယားနဲ့ သရေကျတဲ့ပွဲမှာ ၁ ဂိုးနဲ့ ဗီယက်နမ်ကို အနိုင်ရတဲ့ ဆီမီးဖိုင်နယ်မှာ ပင်နယ်တီကနေ ၁ ဂိုး၊ စုစုပေါင်း ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာ ယူ ၂၃ အသင်းဟာ ပွဲစဉ်အားလုံးကနေ စုစုပေါင်း ၁၆ ဂိုး သွင်းခဲ့ပြီး ၈ ဂိုး ပြန်ပေးခဲ့ရပါတယ်။ ချန်ပီယံ ထိုင်းအသင်းက ပြိုင်ပွဲအားလုံးကနေ ၂၄ ဂိုး သွင်းယူခဲ့ပြီး ပေးဂိုး ၁ ဂိုးပဲရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်။
7 years Ago

မြန်မာယူ ၂၃ အသင်းကို ပြည်သူ့ချန်ပီယံများဟု သမ္မတ ဦးသိန်းစိန် ဂုဏ်ပြုပြောကြား

စင်ကာပူ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီး ငွေတံဆိပ်ရခဲ့တဲ့ မြန်မာ ယူ ၂၃ ဘောလုံးအသင်းကို သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ချီျးကျူး ဂုဏ်ပြုလိုက်ပါတယ်။ ဆီးဂိမ်းဘောလုံး ဗိုလ်လုပွဲယှဉ်ပြိုင်ပြီးချိန် ဇွန် ၁၅ ရက် ညပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စင်ကာပူမှာ ရောက်ရှိနေတဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းထံ ဖုန်းဆက်ပြီး ပြောကြားခဲ့တာလို့ နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြပါတယ်။ ဦးသိန်းစိန်က မြန်မာဘောလုံးအသင်း ကစားသမားများ အနေဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်နိုင်ခဲ့မှုအပေါ် ဂုဏ်ပြုပါကြောင်း၊ ရွှေတံဆိပ် မရရှိခဲ့သော်လည်း နိုင်ငံ့ဂုဏ်ဆောင်ခဲ့မှုအပေါ် မြန်မာပြည်သူ တရပ်လုံးကိုယ်စား ဂုဏ်ယူမိပါကြောင်း၊ အသင်းသား အားလုံးသည် ပြည်သူ သန်း ၅၀ ကျော်၏ ရင်ထဲမှ ချစ်ခြင်းမေတ္တာကို ရရှိထားပြီး ဖြစ်ပါကြောင်း၊ မြန်မာအသင်းနည်းပြ ဦးကြည်လွင် ခေါင်းဆောင်သည့် ဘောလုံးသမားများနှင့် တာဝန်ရှိသူအားလုံး ပြည်သူများ၏ ချန်ပီယံများဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုပါကြောင်း ပြောပါတယ်။ အလားတူ လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း အကောင်းဆုံး ကြိုးစားခဲ့မှုအတွက် ဂုဏ်ယူတဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ “ဇွဲစိတ်ဓာတ်အပြည့်ဖြင့် အကောင်းဆုံးယှဉ်ပြိုင် ကစားခဲ့ကြသော မြန်မာ ယူ ၂၃ အသင်းအား ဂုဏ်ပြုချီျးကျူးပါသည်။ အနာဂတ်ကာလများမှာ မြန်မာပြည်သားအားလုံး မျှော်လင့်ထားတဲ့ အောင်မြင်မှုများကို မလွဲမသွေရယူသွားနိုင်ကြမယ်လို့ မိမိမှ ယုံကြည်ပါသည်။” လို့ ထုတ်ပြန်ကြေညာထားပါတယ်။ မြန်မာ ယူ ၂၃ ဘောလုံးအသင်းဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ထိုင်း ယူ ၂၃ အသင်းနဲ့ ဇွန် ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့ပြီး ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဒုတိယ ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဓာတ်ပုံ - MFF

 11013259_567305310074952_5757808303130405554_n 11201505_567304760075007_2542658120679474187_n10154002_567305313408285_6973636108868048561_n

7 years Ago
More News
Up