မြန်မာ ယူ ၂၁ အသင်း

December 17, 2017

မြန်မာ ယူ ၂၁ အသင်း ဗီယက်နမ်ယူ ၂၁ အသင်းကို (၂-၀)ဖြင့် ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံမှာ မနေ့ညက ကျင်းပတဲ့ သတင်းစာဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာ ယူ-၂၁ အသင်းက ဗီယက်နမ် ယူ-၂၁ အသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်သွားပါတယ်။ ဗီယက်နမ်အသင်းအတွက် ဂိုးတွေကို ပထမပိုင်း ပွဲချိန် ၄၂ မိနစ်မှာ ငုရင်ဒူချီယန်းက သွင်းယူပေးခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ လီဗန်ဆွန်းက ပယ်နယ်တီက တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၁ အသင်းဟာ ထိုင်းနဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ အနည်းငယ်သာ ပြုလုပ်ပြီး ဗီယက်နမ်အသင်းကို ရင်ဆိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နည်းပြချုပ် ဦးကြည်လွင်က “ဒိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။  ၅ ရက်အတွင်းမှာ သုံးပွဲကစားထားရတော့ ကျနော့်ကစားသမားတွေ ပွဲပန်းနေကြပါတယ်။ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ရှုံးခဲ့ရတာပါ။ နောက်ပွဲက ယိုကိုဟားမားနဲ့ဆိုတော့ ပိုပြီး ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး ကြိုးစားသွားပါမယ်” လို့  ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မြန်မာ ယူ-၂၁ အသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဗီယက်နမ် ယူ ၁၉ အသင်းနဲ့ သရေ၊ ထိုင်းယူ ၂၁ ကိုအနိုင်ကစားထားပြီး  အခုပွဲ ရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲစဉ်မှာ လက်ရှိချံပီယံ ယိုကိုဟားမားကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်မှာ  ဖြစ်ပါတယ်။
4 years Ago
Up