မြန်မာ ယူ ၂၀ အမေရိကန်ကို ရှုံး

June 5, 2015

နယူးဇီလန် ယူ ၂၀ မြန်မာကို ဂိုးပြတ်နိုင်

ကမ္ဘာ့ဖလား အုပ်စု (က) မှာ ပါဝင်တဲ့ မြန်မာ ယူ ၂၀ အသင်းနဲ့ အိမ်ရှင် နယူးဇီလန်အသင်းတို့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီနေ့ယှဉ်ပြိုင်ကစားရာ နယူးဇီလန်က ၅-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဇွန် ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲက နယူးဇီလန်နိုင်ငံ ၀ဲလင်တန်အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းမှာ နယူးဇီလန်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ အနီးဘောတွေနဲ့ ဖိကစားနိုင်ခဲ့ပြီး နယူးဇီလန်ကတော့ အဝေးဘောတွေနဲ့ တန်ပြန်တိုက်စစ်ကသာ တချက်ချက် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာတော့ မြန်မာအသင်းက နယူးဇီလန် ဂိုးဧရိယာဘက်ဘယ်အစွန်နားမှာ ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို မြန်မာအသင်းခေါင်းဆောင် နန္ဒကျော် ကန်သွင်းခဲ့ပေမယ့် နယူးဇီလန် နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၂၈ မိနစ်မှာတော့ မြန်မာအသင်းက အဖွင့်ဂိုး စတင်ရရှိပါတယ်။ ဒီဂိုးကိုတော့ မြန်မာအသင်း ရှေ့တန်းတိုက်စစ်မှူး အောင်သူက နယူးဇီလန် နောက်ခံလူတဦးကို လိမ်ခေါက်ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ ၂၉ မိနစ်မှာလည်း မောင်မောင်လွင်က တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်းခဲ့ပေမယ့် နယူးဇီလန်နောက်ခံလူရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးပြင်ထွက်သွားခဲ့ပါတယ်။ ဒါကို ကွင်းလယ်ဒိုင်က မမြင်လိုက်တဲ့အတွက် ထောင့်ကန်ဘောမရရှိခဲ့လို့ မြန်မာအသင်း နစ်နာခဲ့ရပါတယ်။ မိနစ် ၃၀ မှာ နယူးဇီလန် တိုက်စစ်မှူး မြန်မာအသင်းဂိုးသမားနဲ့ တဦးချင်းတွေ့ပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ၃၃ မိနစ်မှာတော့ မြန်မာတိုက်စစ်မှူး အောင်သူက နယူးဇီလန် ဂိုးဧရိယာထိပ်က အပြင်းကန်သွင်းရာ ဂိုးဘားတန်းကိုထိပြီး ပြန်ထွက်သွားတဲ့အတွက် မြန်မာအသင်း ၁ ဂိုးနစ်နာခဲ့ပါတယ်။ ၃၉ မိနစ်မှာတော့ နယူးဇီလန်ရှေ့တန်းလူ ကျောနံပါတ် ၂၀ Billingsley က ချေပဂိုး ပြန်လည်သွင်းယူခဲ့လို့ ပထမပိုင်းမှာ သရေရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ နယူးဇီလန်အသင်းက လက်ပစ်ဘောကတဆင့် အသင်းဖော်တဦး ထိုးပေးလိုက်တဲ့ဘောလုံးကို ကျောနံပါတ် ၁၅ ပက်တာဆန်က ပိတ်သွင်းပြီး ဒုတိယဂိုး ရသွားပါတယ်။ ၅၅ မိနစ်မှာ နယူးဇီလန်က ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာအသင်းက အနီးဘောတွေနဲ့ ထိုးဖောက်ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် နယူးဇီလန် ကစားသမားတွေကလည်း ပိတ်ဆို့ကာကွယ်ထားနိုင်တာကြောင့် ဘောလုံးက အပျက်များနေခဲ့ပါတယ်။ ၆၃ မိနစ်မှာ မြန်မာနောက်တန်း ဘယ်အစွန်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မြန်မာတိုက်စစ်မှူး အောင်သူ နယူးဇီလန် ကစားသမားနဲ့ ယှဉ်ပြေးပြီး ကန်သွင်းဖို့ ကြိုစားခဲ့ပေမယ့် နည်းနည်းနောက်ကျသွားလို့ နယူးဇီလန်ဂိုးသမား ကာကွယ်သွားနိုင်ပါတယ်။ ၆၅ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၈ မောင်မောင်စိုးအစား နံပါတ် ၁၁ တိုက်စစ်မှူး သန်းပိုင် ၀င်ရောက်ကစားပါတယ်။ နယူးဇီလန် ကစားသမားတွေက အရပ်အမောင်းအားပြုပြီး အမြင့်ဘောတွေနဲ့ ထိုးဖောက် တိုက်စစ်ဆင်ပေမယ့် မြန်မာကစားသမားတွေကလည်း ဖျက်ထုတ်ကာကွယ်ထားနိုင်ပါတယ်။ ၆၈ မိနစ်မှာ နယူးဇီလန်အသင်းက ဒုတိယဂိုးသွင်းယူခဲ့တဲ့ ပက်တာဆန်အစား ဘလိတ် ၀င်ရောက်ကစားပါတယ်။ မိနစ် ၇၀ မှာ နယူးဇီလန်အသင်းက ကျောနံပါတ် ၁၀ လူးဝစ်စ် ကစားပုံကြမ်းတမ်းတဲ့အတွက် အ၀ါကတ် ပြခံရပါတယ်။ ၇၉ မိနစ်မှာ နယူးဇီလန်အသင်းက အပေးအယူလုပ်ပြီး ကျောနံပါတ် ၂၀ တင်ထိုးပေးလိုက်တဲ့ ဘောလုံးကို နံပါတ် ၇ စတီဗင်က အပိုင်ကန်သွင်းပြီး ၃ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်နေပါတယ်။ ၈၁ မိနစ်မှာ နယူးဇီလန်အသင်းကပဲ ထောင့်ကန်ဘောကတဆင့် နံပါတ် ၄ ဘရာသာတန်က ခေါင်တိုက်ပြီး စတုတ္ထဂိုး သွင်းယူသွားပါတယ်။ အဲဒီနောက် နယူးဇီလန်အသင်းကပဲ မြန်မာအသင်းဘက်ကို တောက်လျှောက်ဖိပြီး ကစားခဲ့ပေမယ့် မြန်မာဂိုးသမားနဲ့ ကစားသမားတွေ ဖျက်ထုတ်ကာကွယ်ထားနိုင်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။ ၈၄ မိနစ်မှာ နယူးဇီလန်အသင်းက ကျောနံပါတ် ၂၀ အစား ကျောနံပါတ် ၁၈ ၀င်ရောက်ကစားပါတယ်။ ၈၉ မိနစ်မှာ နယူးဇီလန် ကစားသမားတဦး  ဘယ်ခြမ်းက ဖြတ်တင်ပေးတဲ့ဘောလုံးကို လူးဝစ်စ်က သွင်းယူသွားခဲ့ပြီး ပွဲအပြီးမှာတော့ နယူးဇီလန်က မြန်မာကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
6 years Ago

ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြန်မာဘောလုံးအသင်း ၁၅ နေရာ မြင့်တက်

နောက်ဆုံးထုတ်ပြန်တဲ့ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ မြန်မာအသင်းက အရင်နေရာထက် ၁၅ နေရာ တက်သွားခဲ့ပြီး အဆင့် ၁၄၃ မှာ ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှ အသင်းတွေထဲမှာတော့ ဗီယက်နမ်က ၁၂၇ နဲ့ ပထမနေရာ၊ ထိုင်းအသင်းက အဆင့် ၁၂၉ နဲ့ ဒုတိယ၊ မြန်မာက အဆင့် ၁၄၃ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့် ၃ နေရာကနေ အဆင့် ၂ နေရာကို ရောက်လာပါတယ်။ လတ်တလောမှာ ပြိုင်ပွဲတွေ မရှိပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရလဒ်တွေကြောင့် အခုနေရာကို ရခဲ့တာဖြစ်ပြီး ဒါဟာ ဘယ်လ်ဂျီယံဘောလုံးအသင်း သမိုင်းတလျှောက် အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။ အဆင့် ၁  နေရာမှာ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ဂျာမနီအသင်းက ဆက်လက် ဦးဆောင်နေပြီး အရင် အဆင့် ၂၊ ကမ္ဘာ့ဖလား ဒုတိယဆုရ အာဂျင်တီးနားကတော့ အဆင့် ၃ နေရာ ရောက်သွားပါတယ်။ ကိုလံဘီယာအသင်းကလည်း ဘရာဇီးလ်အသင်းရဲ့အပေါ် အဆင့် ၄ နေရာ ရောက်သွားပါတယ်။  အင်္ဂလန်အသင်းကတော့ အဆင့် ၁၅  ကို ကျသွားပါတယ်။
6 years Ago

June 4, 2015

မြန်မာ-နယူးဇီလန် ယူ ၂၀ ဘယ်အသင်းနိုင်မလဲ

ကမ္ဘာ့ဖလား အုပ်စု (က) မှာ ပါဝင်တဲ့ မြန်မာ ယူ ၂၀ အသင်းဟာ ဇွန် ၅ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲမှာ အိမ်ရှင် နယူးဇီလန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ အမေရိကန်ကို ၂-၁ ဂိုး၊ ယူကရိန်းကို ၆ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ နယူးဇီးလန်အသင်းကတော့ ယူကရိန်းနဲ့ ဂိုးမရှိသရေ၊ အမေရိကန်ကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဇွန် ၅ ရက်နေ့ ယှဉ်ပြိုင်မယ့် မြန်မာ-နယူးဇီလန်ပွဲမှာ ဘယ်အသင်း အနိုင်ရမလဲဆိုတာ ဒီဗွီဘီ Vote မှာ ရွေးချယ်နိုင်ပါတယ်။ [yop_poll id="36"]
6 years Ago

နယူးဇီလန် - မြန်မာ ယူ ၂၀ ပွဲကြို

မြန်မာ ယူ ၂၀ အသင်းရဲ့ အုပ်စုတွင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အိမ်ရှင် နယူးဇီလန်အသင်းနဲ့ ကစားရမယ့်ပွဲဟာ နှစ်သင်းစလုံးအတွက် အခွင့်အရေးဆတူ ရှိနေတယ်လို့ ယူ ၂၀ အသင်း အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။ ဇွန် ၅ ရက် မွန်းလွဲပိုင်းမှာ ကစားရမယ့် မြန်မာအသင်းဟာ အုပ်စုတွင်း ၂ ပွဲစလုံး ရှုံးထားပေမယ့် နယူးဇီလန်ကိုနိုင်ရင် အုပ်စုတတိယနဲ့ အုပ်စုတက်နိုင်မယ့် မျှော်လင့်ချက် နည်းနည်းရှိနေတာမို့ အနိုင်ရလဒ် လိုအပ်နေပါတယ်။ တဘက် နယူးဇီလန်အသင်းက မြန်မာဂိုးပြတ်ရှုံးထားတဲ့ ယူကရိန်းကို သရေကစားထားပြီး မြန်မာက ၂ ဂိုး ၁ ဂိုးနဲ့ ကပ်ရှုံးထားတဲ့ အမေရိကန်ကိုတော့ ၄ ဂိုးပြတ် ရှုံးထားပြန်ပါတယ်။ မကစားခင်ပြောရင်တော့ နှစ်သင်းစလုံးအတွက် အခွင့်အရေး ဆတူရှိတယ်လို့ မြန်မာယူ ၂၀ အသင်းရဲ့ အတွင်းရေးမှူး ဦးစိုးမိုးက ပြောပါတယ်။ “၅၀-၅၀ လို့ ပြောရင်တော့ သဘာဝကျမယ်။ ကျနော်တို့ ကြိုးစားသလို အိမ်ရှင် နယူးဇီလန်ကလည်း ကျနော်တို့ထက်မနည်း ကြိုးစားမှာပဲလေ။ သူတို့ အိမ်ရှင်ဖြစ်နေတော့ စောစောစီးစီး ဘယ်ထွက်ချင်မလဲ။ မနက်ဖြန်မှာ ကစားသမားတွေရဲ့ ကစားပုံ၊ နည်းပြတွေရဲ့ အပြောင်းအလဲ၊ နောက် ကစားသမားတဦးချင်းရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု၊ ပွဲကံ၊ အရာရာစုပေါင်းလိုက်ရင် ပွဲအဖြေတခု ထွက်လာမှာပေါ့။ သေချာတာကတော့ မကစားခင် အခြေအနေမှာ ၅၀-၅၀ လို့ပြောတာ သဘာဝကျပါတယ်။” ယူကရိန်းနဲ့ပွဲမှာ ကစားသမားတွေ နိုင်ချင်စိတ်များပြီး ရှေ့အတက်မှာ ကောင်တာပေါက်ပြီး ဂိုးတွေအများကြီး ပေးလိုက်ရတဲ့အပေါ် မြန်မာ ယူ ၂၀ နည်းပြက ကစားသမားတွေကို ထောက်ပြ ပြောဆိုထားတယ်လို့လည်း သူက ပြောပါတယ်။ ယူ ၂၀ ဘောလုံးသမားတွေမှာ မပြောပလောက်တဲ့ ဒဏ်ရာရှိပြီး နောက်တန်းမှာ အားထားရတဲ့ သီဟထက်အောင် ယူကရိန်းနဲ့ပွဲမှာ အနီကတ်ထိထားလို့ အခုပွဲ ကစားလို့မရသလို ကွင်းလယ်ဖန်တီးရှင် ငြိမ်းချမ်းအောင်လည်း ဒဏ်ရာကြောင့် မကစားနိုင်ဘူးလို့ သိရပါတယ်။ အားကစားဂျာနယ်အယ်ဒီတာ ဦးချစ်ဝင်းမောင်ကလည်း မြန်မာနဲ့ နယူးဇီလန် နှစ်သင်းစလုံး အခွင့်အရေး ဆတူရှိတယ်လို့ပဲ ပြောပါတယ်။ “နယူးဇီလန်က အိမ်ရှင်၊ ပထမပွဲ ကစားသွားပုံအရလည်း ယူကရိန်းနဲ့ သရေကျထားတယ်၊ ကျနော်တို့ ၆ ဂိုးနဲ့ ဂိုးပြတ်ရှုံးထားတဲ့ ယူကရိန်းကို နယူးဇီလန်က သရေကစားထားတယ်။ အမေရိကန်ကိုတော့ ၄ ဂိုးပြတ် ရှုံးထားတယ်။ အဲ့ဒီရလဒ်တွေ တွက်ဆကြည့်ရင် နယူးဇီလန်က ကျနော်တို့အသင်းထက် နည်းနည်းသာတယ်လို့ ပြောရတာပေါ့။ ခြေစွမ်းပိုင်းအရ ပြောရင်တော့ ဒီအုပ်စုထဲမှာ မြန်မာနဲ့ နယူးဇီလန်က အညံ့ဆုံးလို့ ပြောလို့ရတာပေါ့၊ အခွင့်အရေးက ဆတူလောက်ရှိတယ်။” မြန်မာ ယူ ၂၀ အသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကို ပထမဆုံး တက်ရောက်ကစားခွင့်ရခဲ့တဲ့ အသင်းဖြစ်ပြီး ကစားသမားတွေရဲ့ ကြိုးစားပမ်းစား ကစားတတ်မှုကြောင့် ပြိုင်ပွဲတွေမှာ ရှုံးပေမယ့် ပရိသတ်က အားပေးမပျက် မေတ္တာမပျက် ဆက်လက်အားပေးနေတာ တွေ့ရပါတယ်။ အသင်းမှာ အားထားရတဲ့ အရန်ကစားသမား မရှိတာဟာလည်း အသင်းရဲ့ အားနည်းချက်တခု ဖြစ်နေပါတယ်။ အထက်က မှန်းထားသလိုပဲ မြန်မာနဲ့ နယူးဇီလန် အခွင့်အရေး ဆတူရှိပြီး သရေပဲကျသွားမလား၊ မြန်မာပရိသတ်တွေ တောင့်တနေတဲ့အတိုင်း မြန်မာအသင်းကပဲ နိုင်သွားမလား၊ ဒါမှမဟုတ် နယူးဇီလန်ကပဲ နိုင်သွားမလားဆိုတာ ဇွန် ၅ ရက်နေ့မှာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြပါစို့။
6 years Ago
Up