မြန်မာ ယူ ၂၀

July 7, 2015

ယူ ၂၀ ကစားသမား ငြိမ်းချမ်းအောင် ဒူးဒဏ်ရာ ခွဲစိတ်မှုအောင်မြင်

ဒူးဒဏ်ရာ ရရှိထားတဲ့ မြန်မာ ယူ ၂၀ လက်ရွေးစင် ကစားသမား ငြိမ်းချမ်းအောင်ရဲ့ ဒဏ်ရာကို ဇူလိုင် ၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကောက်ဆေးရုံမှာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းအောင်ဟာ မြန်မာ ယူ ၂၀ အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ဇွန်လအတွင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူ ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ငြိမ်းချမ်းအောင်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ၂ နာရီလောက် ကြာမြင့်ခဲ့ပြီး အလုံးစုံ အောင်မြင်ကြောင်း၊ ၇ လကြာ အနားယူရမှာဖြစ်ပြီး ပြန်ကောင်းမွန်လာမယ်လို့ ယုံကြည်ကြောင်း သူ့ကို ခွဲစိတ်ကုသပေးခဲ့တဲ့ တာဝန်ခံ ဆရာဝန်က ပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
6 years Ago

July 2, 2015

မြန်မာပါဝင်သည့် အာရှ ယူ ၁၉ အုပ်စု (ဆ) ခြေစစ်ပွဲစဉ်များထွက်

၂၀၁၆ ခုနှစ် ဘာရိန်းနိုင်ငံမှာ  ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၁၉  ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အုပ်စု (ဆ)ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။ အုပ်စု (ဆ) မှာတော့ မြန်မာ အသင်းဟာ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူးနိုင်း၊ အရှေ့တီမော အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနဲ့ ဘရူးနိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြန်မာနဲ့ တီမော၊ အောက်တိုဘာ ၄ ရက်မှာ မြန်မာနဲ့ ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပတာဖြစ်သလို အုပ်စု ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်း၊ အိမ်ရှင် ဘာရိန်းအသင်းတို့ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဘာရိန်း ယူ ၁၉  ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း ၄ သင်းက ၂၀၁၇ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
6 years Ago
More News
Up