မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်

August 30, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင် ၁၅၀ ကျော် ခြံစည်းရိုးကာပြီးဟု ပြည်ထဲရေးဝန်ကြီးပြော

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မိုင် ၁၈၀ ကျော်ရှိတဲ့အနက် မိုင် ၁၅၀ ကျော် ခြံစည်းရိုးကာရံထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။ သြဂုတ် ၃၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းတင်ပြရာမှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။ “မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်တလျှောက် ၁၈၂ ဒသမ ၆၈ မိုင် ခြံစည်းရိုးကာရံခြင်းကို ၂၀၀၉-၂၀၁၀ ခုနှစ်မှ စတင်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ တောင်းခံဆောင်ရွက်ခဲ့ပြီး ၁၅၃ ဒသမ ၁၈ မိုင် ကာရံထားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၇-၁၈ ခု ဘဏ္ဍာရေးနှစ်မှာ ဘီပီ အနီး ၃ ဒသမ ၅ မိုင် ခြံစည်းရိုးကာခြင်းကစပြီး ရေရှည်တည်တံ့ကောင်းမွန် ခိုင်မာစေရန် တဖက်နဲ့တဖက် လူ ကျော်တက်ဝင်ရောက်မှု မရှိစေရန်အတွက် ဝိုင် ပုံသဏ္ဌာန်နဲ့ သွပ်ဆူးကြိုးအဝိုင်း ၂ ပေ၊ ထပ်တိုး ပုံစံတို့ကို စံချိန်စံညွှန်းများနဲ့အညီ ပြောင်းလဲပြီး ဆောင်ရွက်ခဲ့ပါတယ်။” ၂၀၁၇ ခုနှစ် သြဂုတ်လ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်အပြီးမှာ ရေထွက်ပေါက်၊ သံဆန်ခါ ပျက်စီးမှုတွေကို စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးကြရင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကာရံဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
5 years Ago

November 6, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၅ မှာ တာဝန်ထမ်းဆောင်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို နယ်စပ်မိုင်တိုင် ၄၅ နဲ့ ၄၆ ကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ မိုင်တိုင် ၄၅ မှာ တာဝန်ကျတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်တို့ အောင်သပြေနယ်မြေရုံးမှာ လစာထုတ်ယူပြီးအပြန် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်တိုင် ၄၆ နဲ့ ၄၅ ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းငယ်တစ်ခုကနေ လက်နက်ငယ်နဲ့ အချက် ၂၀-၃၀ လောက် ပစ်ခတ်ခဲ့တဲ့အတွက် ရှေ့ဆုံးက ဆိုင်ကယ်မောင်းလာတဲ့ ရဲတပ်သား ထန်စွမ်းပြောင်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ သုံးယောက်တို့ကလည်း အချက် ၃၀ လောက် ပစ်ခတ်ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင် လေးယောက်မှာ ရဲတပ်သား ထန်စွမ်းပြောင်တစ်ယောက်ပဲ မိုင်တိုင် ၄၅ စခန်းကို ညနေ ၆ နာရီကျော်မှာ ပြန်ရောက်လာပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် သုံးယောက်က ပြန်ရောက်မလာတဲ့အတွက် နယ်မြေစခန်းရုံးကို သတင်းပေးပို့ပြီး အောင်သပြေနယ်မြေစခန်းက ရဲမှူးအောင်မြင့်မြတ်ဦးဆောင်ပြီး မိုင်တိုင် ၄၅ နဲ့ ၄၆ တို့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား ၂၀ က ညနေ ၆ နာရီခွဲမှာ ရောက်ရှိရှင်းလင်းခဲ့ရတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။ အုပ်စုကွဲသွားတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ နောက်ထပ်တပ်ဖွဲ့ဝင် ၂ ယောက်ကို ညနေ ၆ နာရီ ၄၅ မှာ အဆက်အသွယ်ပြန်ရခဲ့ပြီး မိုင်တိုင် ၄၅ စခန်းကို နယ်မြေမှူး ရဲမှူးအောင်မြင့်မြတ်ဦးဆောင်တဲ့အဖွဲ့က ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မိုင်တိုင် ၄၆ နဲ့ ၄၇ ကြားမှာ အောင်သပြေရွာသား လေးယောက် ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ယောက်သေဆုံးခဲ့ပြီး သေနတ်ဒာဏ်ရာတွေ ရခဲ့တဲ့ ၂ ယောက်ကတော့ အခုအချိန်ထိ ဆေးရုံတက်ကုသနေရဆဲဖြစ်ပါတယ်။
5 years Ago
Up