မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးကို ဇူလိုင် ၂၄ ရက်မနက်က ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ HERITAGE Grand Comvention ခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ နယ်ခြားကော်မတီရုံးက ပြောပါတယ်။
အဆိုပါ အစည်းအဝေးကို မြန်မာ-ထိုင်း နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌတွေ၊ နှစ်နိုင်ငံဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ပြီး အစည်းအဝေးမှာ နယ်ခြားကော်မတီ(ထိုင်း) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စန်တိစကူတနာ နဲ့ နယ်ခြားကော်မတီ(မြန်မာ)ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးဇော်ဇော်တို့က နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ကိစ္စရပ်တွေကို အပြန်အလှန် တင်ပြဆွေးနွေးကြပါတယ်။
ဆက်လက်ပြီး နှစ်နိုင်ငံ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူတွေက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးရေး စခန်း(ရနောင်း)ကို သွားရောက် ကြည့်ရှုလေ့လာကြပါတယိ။
မြန်မာနိုင်ငံ၊ ကော့သောင်းခရိုင်နဲ့ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် နယ်စပ်ဒေသအတွင်း ဖြစ်ပွားလေ့ရှိတဲ့ လူမှုရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ ပြဿနာတွေ၊ တရားမဝင် ငါးဖမ်းဆီး ရောင်းဝယ်မှု ပြဿနာများ၊ လူကုန်ကူးမှု ၊ မူးယစ်ဆေးဝါးပြဿနာ၊ တရားမဝင်အလုပ်သမားများဆိုင်ရာကိစ္စတွေနဲ့ နှစ်နိုင်ငံ နယ်စပ် ပင်လယ်ပြင် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို အတူတကွ လက်တွဲ ဖြေရှင်းကြဖို့ လည်း ဆွေးနွေးခဲ့ပါတယ်။
အခုပြုလုပ်တဲ့ မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးဟာ ၃၆ ကြိမ်မြောက် အစည်းအဝေး ဖြစ်တယ်ပါတယ်။
သတင်း - လတ်ကိုကိုဦး
6 years Ago