မြန်မာ-ထိုင်းနယ်စပ်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ဟု ဗိုလ်ချုပ်မှူးကြီးပြော

January 9, 2019

မြန်မာ-ထိုင်းနယ်စပ်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့ဟု ဗိုလ်ချုပ်မှူးကြီးပြော

မြန်မာ-ထိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကတဆင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ဇန်န၀ါရီ ၈ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချိုင်ရာပရပ် ဒစ်ယာဆရင်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ-ထိုင်းနှစ်နိုင်ငံဟာ အိမ်နီးချင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်တယ်၊၊ တပ်မတော်နှစ်ရပ် အကြားချစ်ကြည်ရင်းနှီးမှုဟာ နှစ်နိုင်ငံ အတွက်အရေးကြီးတယ်၊ အခုအခါတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာကောင်းမွန် တာကြောင့် နှစ်နိုင်ငံအကြားချစ်ကြည် ရင်းနှီးမှုကို များစွာအထောက်အကူဖြစ်စေပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုကတဆင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့တယ်”လို့ ပြောပါတယ်။ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော်(လေ)က ပထမဆုံးအကြိမ်အပ်နှင်းတဲ့ ဂုဏ်ထူးဆောင် လေသူရဲတောင်ပံတံဆိပ်ကို သူ့ကိုအပ်နှင်းတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် လို့ ပြောကြားကြောင်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ မြန်မာ-ထိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ပိုမိုတိုးတက် ကောင်းမွန်စေဖို့  အဆင့်အလိုက်ချစ်ကြည်ရေး ခရီးစဉ်တွေ အပြန်အလှန် လည်ပတ်ဖို့ နှစ်ဘက် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင်၊ ချစ်ကြည်ရေးအားကစားပွဲတွေ၊ ယဉ်ကျေးမှုဖလှယ်တာတွေနဲ့ (ကြည်း၊ရေ၊လေ) တပ်ဖွဲ့တွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နိုင်မှုနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။
3 years Ago
Up