မြန်မာနိုင်ငံက ဆယ်ကျော်သက် အိပ်ခ်ျအိုင်ဗွီလူနာတွေဟာ အရွယ်ရောက်ပြီး လူနာတွေထက် အေအာတီဆေးယဉ်ပါးတာ ၃ ဆပိုနေတယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ပြောပါတယ်။
အသက် ၁၀ နှစ်က ၁၉ နှစ်ကြား ဆယ်ကျော်သက်လူနာတွေအတွက် ကုသမှုတခုတည်းနဲ့ မလုံလောက်တော့တဲ့အပြင် ဒုတိယအဆင့် အေအာတီဆေးဝါး ပြောင်းလဲဖို့ လိုအပ်နေပြီလို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခုလို ဆေးယဉ်ပါးတာဟာ ဘာကြောင့်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ငယ်ရွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခွဲခြားဆက်ဆံမှုရှိတဲ့ ပတ်ဝန်းကျင်တို့ကြောင့် ဖြစ်နိုင်တယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ ဒေါက်တာဖာနန်ဒါရစ်က ဆိုပါတယ်။
အေအာတီဆေးဟာ အချိန်မှန်မှန် စွဲစွဲမြဲမြဲသောက်ဖို့ လိုအပ်ပြီး လက်ရှိအခြေအနေတွေအရ ဆယ်ကျော်သက် လူနာတွေအတွက် အထူးစောင့်ရှောက်မှုတွေ လိုအပ်နေပြီလို့လည်း သူက ဆိုပါတယ်။
စစ်တမ်းတခုအရ ကူးစက်ခံထားရတဲ့ ဆယ်ကျော်သက်တွေဟာ မိဘမဲ့တွေ၊ ကျောင်းပြီးအောင် မတက်ရသူတွေ အများအပြား ပါဝင်နေတာပါ။
နယ်စည်းမထား ဆရာဝန်များအဖွဲ့က အိပ်ခ်ျအိုင်ဗွီရောဂါစောင့်ရှောက်ပေးနေတဲ့ လူ ၃၅၀၀၀ မှာ လူ ၁၈၀၀ ကျော်ဟာ ဆယ်ကျော်သက်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - နယ်စည်းမထား ဆရာဝန်များအဖွဲ့
6 years Ago