မြန်မာနှင့် မကာအို အာရှဖလားခြေစစ်ပွဲစဉ်တွင် ၁ မိနစ်ငြိမ်သက်မည်

June 12, 2017

မြန်မာနှင့် မကာအို အာရှဖလားခြေစစ်ပွဲစဉ်တွင် ၁ မိနစ်ငြိမ်သက်မည်

  မြန်မာ့ တပ်မတော်၏ Y8 လေယာဉ် မတော်တဆ ဖြစ်စဉ်မှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ၀မ်းနည်းကြောင်းပြသတဲ့အနေနဲ့ မြန်မာနဲ့ မကာအို အာရှဖလားခြေစစ်ပွဲစဉ်မစတင်ခင် ၁ မိနစ် ငြိမ်သက် ဆုတောင်းပေးဖို့ရှိနေပါတယ်။ ၂၀၁၈ အာရှဖလား ခြေစစ်ပွဲ မြန်မာနဲ့ မကာအိုပွဲစဉ်မှာ (၁)မိနစ် ငြိမ်သက်ပေးဖို့ မြန်မာဘက်က တောင်းဆိုချက်ကို အာရှဘောလုံး အဖွဲ့ချုပ်က နားလည်ခွင့်ပြုပေးခဲ့တာလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။ လေယာဉ်ပျက်ကျမှုအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌထံ လိပ်မူပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာ-နဲ့ မကာအို ဘောလုံးပွဲစဉ်ကို   ဇွန်လ ၁၃ ရက် မနက်ဖြန် ညနေ(၆) နာရီမှာ မကာအို အိုလံပစ်အားကစား ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာအနိုင်ရဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့  မြန်မာလက်ရွေးစင် နည်းပြချုပ် ဂက်ဇီဆီက   ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “နှစ်သင်းစလုံးဟာ အဖွင့်ပွဲစဉ်မှာ ရလဒ်မကောင်းခဲ့ကြပါဘူး။ ဒါကြောင့် ဒီပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ နိုင်ပွဲရရှိဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အဖွင့်ပွဲစဉ်မှာ အိန္ဒိယအသင်းကို နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အရှုံးပေးခဲ့ရတာကို အခုထိ အခဲမကြေနိုင်သေးပါဘူး။ မနက်ဖြန်ပွဲမှာတော့ ဒီလိုမဖြစ်အောင် ကစားသမားတွေကိုလည်း တစ်ပွဲလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ မှာထားပါတယ်” အသင်းခေါင်းဆောင် ရန်အောင်ကျော်ကလည်း “ဒီပွဲကို ကျွန်တော်တို့ မဖြစ်မနေ အနိုင်ကစားပါမယ်။ အနိုင် (၃) မှတ်ရဖို့ မိနစ် (၉၀) လုံး ကြိုးစားကစားသွားပါမယ်။ ကျွန်တော်တို့ ကစားဖော်တွေအားလုံးလည်း မနက်ဖြန်ပွဲအတွက် အဆင့်သင့်ဖြစ်နေပါပြီ။  စင်ကာပူမှာ ကစားခဲ့တဲ့ပွဲတွေကနေ အားသာချက်၊ အားနည်းချက်ကို သုံးသပ်ပြီး အကောင်းဆုံး ကြိုးစားသွားပါမယ်။”လို့ပြောပါတယ်။
4 years Ago
Up