မြန်မာနှင့်ခြေစမ်းပွဲကို

December 1, 2016

မြန်မာနှင့်ခြေစမ်းပွဲကို မလေးရှားဘက်က ဖျက်သိမ်း

မြန်မာယူ-၂၂နဲ့ မလေးရှားယူ-၂၂ အသင်းတို့ဟာ လာမယ့်ဒီဇင်ဘာ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ထားပေမယ့် မလေးရှားအသင်းက လာရောက်ကစားတော့မှာ မဟုတ်တဲ့အကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ဆီကို အီးမေးလ်နဲ့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ဒီလို ခြေစမ်းပွဲဖျက်သိမ်းလိုက်တာဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ကိစ္စတွေကို မလေးရှားအသင်းက ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်တာလို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားနေပေမယ့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အကြောင်းကြားတဲ့ အီးမေးလ်မှာတော့ လူမျိုးရေးကိစ္စနဲ့ ပတ်သက်ပြီး ရေးမထားဘဲ အကြောင်းအမျိုးမျိုးကြောင့် ခြေစမ်းပွဲ လာရောက်ကစားတော့မှာ မဟုတ်ဘူးလို့ပဲ ပါဝင်တယ်လို့ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။ မြန်မာနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဆူဇူကီးဖလားအုပ်စုပွဲစဉ် မတိုင်မီမှာလည်း မလေးရှားအားကစားနဲ့ လူငယ်ရေးရာဝန်ကြီးက မြန်မာနဲ့ ပွဲကို ဖျက်သိမ်းပြီး ပြိုင်ပွဲက နုတ်ထွက်ဖို့ မလေးရှားအစိုးရအဖွဲ့ဆီ တင်သွင်းခဲ့ပြီး မလေးရှားအစိုးရဘက်က လက်မခံခဲ့တာကြောင့် ကြေညာချက်တစ်စောင်ပဲ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာယူ-၂၂နဲ့ မလေးရှားယူ-၂၂အသင်းတို့ဟာ လာမယ့်သြဂုတ်လမှာ မလေးရှားနိုင်ငံက လက်ခံကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ခြေစမ်း ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲ ဖျက်သိမ်းခဲ့တာကြောင့် မြန်မာယူ-၂၂ အသင်းအနေနဲ့ ပြည်တွင်းကလပ် အသင်းတွေနဲ့ပဲ ခြေစမ်းကစားတော့မှာ ဖြစ်ပါတယ်။ မြန်မာယူ-၂၂အသင်းဟာ ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမယ့် ဖိတ်ခေါ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
5 years Ago
Up