မြန်မာနှင့်မလေးရှား ဂိုးမရှိသရေကျ

May 29, 2016

မြန်မာနှင့်မလေးရှား ဂိုးမရှိသရေကျ

AYA Bank ဖိတ်ခေါ်ဖလားပြိုင်ပွဲ အကြိုခြေစမ်းပွဲအဖြစ် မြန်မာနဲ့မလေးရှားအသင်းတို့ မေလ ၂၈ ရက်က သုဝဏ္ဏကွင်းမှာ ခြေစမ်းကစားခဲ့ပြီး ဂိုးမရှိသရေကျသွားပါတယ်။ မြန်မာအသင်းမှာ ဂိုးအဖြစ် ပြည့်ဖြိုးအောင်၊ နောက်တန်းမှာ ဟိန်းသီဟဇော်၊ အောင်ဇော်၊ ဖြိုးကိုကိုသိန်း၊ မျိုးကိုထွန်း၊ ကွင်းလယ်မှာ ရန်အောင်ကျော်နဲ့ ရဲကိုဦး၊ တောင်ပံတိုက်စစ်မှူးတွေအဖြစ် မောင်မောင်လွင်နဲ့ ဒေးဗစ်ထန်း၊ တိုက်စစ်မှာတော့ ကျော်ကိုကိုနဲ့အောင်သူတို့ ပွဲထွက်ခဲ့ကြတာပါ။ ပွဲချိန် ၁၂ မိနစ်မှာ အောင်သူပေးပို့မှုကနေ မောင်မောင်လွင် အပိုင်သွင်းခွင့်ရပေမယ့် ဂိုးဘားပေါ်ကျော် သွားခဲ့လို့ မြန်မာအသင်းနစ်နာခဲ့ပါတယ်။ ပွဲချိန်မိနစ် ၃၀ မှာလည်း အောင်သူပြေးထွက်ပြီး ဂိုးဆီမကန်ဘဲ ကျော်ကိုကိုဆီ ချပေးခဲ့ပေမယ့် ကျော်ကိုကိုကန်ချက်ဘေးထွက်ခဲ့ပါတယ်။ မိနစ် ၃၀ ကျော်မှာပဲ မလေးရှားအသင်း တိုက်စစ်မှူး ဇိုင်နယ်ရဲ့ အနီးကပ်ကန်ချက်ကို မြန်မာဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ ကျော်ကိုကိုရဲ့ပေးပို့မှုကနေ အောင်သူ အနီးကပ်ပိတ်သွင်းခဲ့ပေမယ့် မလေးရှားနောက်တန်းနဲ့ ထိပြီး ဘေးထွက်ခဲ့လို့ နစ်နာခဲ့ပြီး ပထမပိုင်းပြီးဆုံးသည်အထိ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ပဲ ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းစစချင်းပဲ မြန်မာအသင်းက လူစားလဲမှုစတင်ပြုလုပ်ခဲ့ပြီး ကျော်ကိုကိုနေရာမှာ သန်းပိုင်၊ ဟိန်းသီဟဇော်အစား ကြည်လင်း၊ ဒဏ်ရာရသွားတဲ့ မောင်မောင်လွင်နေရာမှာ ဆွမ်လမန်တို့ ၀င်ရောက်ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းအနေနဲ့ ပထမပိုင်းကလောက် ဂိုးသွင်းခွင့်တွေ မရရှိခဲ့ဘဲ တိုက်စစ်ပိုင်းက အချိတ်အဆက်မမိခဲ့ပါဘူး။ မလေးရှားအသင်းကလည်း လူစားလဲမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး တိုက်စစ်အပြောင်းအလဲ လုပ်ခဲ့ပေမယ့် မြန်မာဘက်ကို ထိထိရောက်ရောက် ဖိအားမပေးနိုင်ခဲ့ပါဘူး။ မြန်မာအသင်းအနေနဲ့ ပွဲပြီးခါနီးမှာ ၀င်းနိုင်စိုးနဲ့လိုင်း ဘိုဘိုတို့ကို ထည့်သွင်းအသုံးပြုခဲ့ပေမယ့် မလေးရှားခံစစ်ကို ကျော်လွန်နိုင်ခြင်းမရှိခဲ့လို့ ဂိုးမရှိသရေ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ မြန်မာအသင်းဟာ မလေးရှားနဲ့ နောက်ဆုံးလေးကြိမ်ဆက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
6 years Ago
Up