မြန်မာနိုင်ငံရဲတပ်ဖွဲ့

August 9, 2018

ရဲတပ်ဖွဲ့ဝင်များအတွက် အမှုစုံစမ်းစစ်ဆေးရေး ကုန်ကျစရိတ် ကျပ် ၁ သောင်း သတ်မှတ်ထား

ရဲတပ်ဖွဲ့ဝင်တွေ အမှုစုံစမ်းစစ်ဆေးရေးအတွက် ကုန်ကျစရိတ်တွေကို ယေဘုယျ ကျပ်တသောင်း သတ်မှတ်ပေးထားပြီး လိုအပ်ရင် တင်ပြတောင်းခံဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ သြဂုတ် ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ “အမှုများ စုံစမ်းစစ်ဆေးရာမှာ ကုန်ကျစရိတ်များအား ၂၀၁၅ ခုနှစ်မှစ၍ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး တရားခံ သယ်ယူစရိတ်၊ ပို့ဆောင်စရိတ် အနေဖြင့် အမှုကြီးတမှု ၅ သောင်းကျပ်၊ အခြား အမှုတမှု ၃ သောင်းကျပ်နဲ့ ကြိုတင်ကာကွယ်မှု တမှု ၁ သောင်းကျပ်၊ အမှုစုံစမ်းစစ်ဆေးစရိတ် အနေဖြင့် တသောင်းကျပ် ခွင့်ပြုပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁ ရက် ၃ လ ၂၀၁၇ ရက်စွဲပါစာဖြင့် အမှုစုံစမ်းစစ်ဆေးမှု သုံးစွဲကုန်ကျနိုင်မယ့် ခန့်မှန်းငွေ ပမာဏအား ပျမ်းမျှပြု၍ ယေဘုယျ သတ်မှတ်ချက်အနေဖြင့် ဖော်ပြထားခြင်းသာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာတော့ အမှုအတွက် လိုအပ်တဲ့ငွေကြေးတွေအပေါ် အခုလို စရိတ်ပေးတာ မရှိခဲ့ဘူးလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောပါတယ်။ “အရင်တုန်းက မရှိဘူး။ ရဲချုပ်ဇော်ဝင်း လက်ထက်မှာမှ အခုလို စပြီး ထုတ်ပေးတာ။ ဘယ်အချိန်က စလဲတော့ သေချာမမှတ်မိဘူး။ ကြိုတင်ကာကွယ်အမှုတွေအတွက် တသောင်းပေးတယ်ဆိုပေမယ့် မူးယစ်ဆေးလို အမှုတွေအတွက်ဆိုရင်တော့ မလောက်ဘူး။ ဘာပဲဖြစ်ဖြစ် မရတာနဲ့စာရင် ရလာတော့ ခံသာတာပေါ့” လို့ ပြောပါတယ်။ အမှုတွေအတွက် စစ်ဆေးသွားလာရာမှာ သုံးစွဲဖို့ ရန်ပုံငွေမရှိတာကြောင့် တရားလိုတွေက စိုက်ထုတ်သုံးစွဲဖို့ ပြောရတာမျိုးတွေရှိပြီး တိုင်ကြားတာ၊ အရေးယူခံရတာမျိုးတွေလည်း ရှိပါတယ်။ အမှုအတွက် မြေပြင်မှာ အမှန်တကယ် သုံးစွဲရတဲ့ ကုန်ကျစရိတ်တွေဟာ ယေဘုယျ အကြမ်းဖျင်း သတ်မှတ်နှုန်းထားတွေထက် ပိုသုံးတာ၊ လျှော့သုံးတာတွေအတွက် ရန်ပုံငွေတွေ တင်ပြတောင်းခံသွားကြဖို့ ၂၀၁၇ ခုနှစ် မေလမှာ စာနဲ့ အကြောင်းကြားထားတယ်လို့ ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။ ပြီးတော့ ဒီငွေတွေကို အမှုစစ်ရဲတွေကို အချိန်မီထုတ်ပေးနိုင်ဖို့ ဒီနှစ်ကစပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေမှာ ငွေစာရင်းဖွင့်လှစ်ထားရှိပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
3 years Ago

June 6, 2016

ကလေး ၆၀ ကျော် ပျောက်ဆုံးဟု ဖော်ပြမှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငြင်းဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ နှစ်စကနေ မေလကုန်အထိ ကလေးပေါင်း ၆၀ ကျော် ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းစာတစောင်ရဲ့ ဖော်ပြမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း ကလေးငယ်ပေါင်း ၆၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပုဂ္ဂလိက သတင်းစာတစောင်မှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားခြင်း မရှိသလို ကလေးငယ် ၆၀ ကျော်ထိ ပျောက်ဆုံးတာ မရှိခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောပါတယ်။ “အားလုံး တတိုင်းလုံးဆိုရင်တော့ အမှု ၄၀ လောက်ရှိတယ်။ အမှု ၄၀ မှာ အားလုံး ၂၇ မှု ပြန်ရပြီ။ အဲတော့ ၁၃ မှုကတော့ စိစစ်ဆဲပဲ ရှိသေးတယ်။ အများအားဖြင့်တော့ နွေရာသီ ကျောင်းပိတ်ရက်ပဲ ဖြစ်လို့လား၊ ဒါမှမဟုတ် သူငယ်ချင်း အပေါင်းအသင်းပဲ များလို့လား၊ အလည်အပတ် လွန်တာတွေ နည်းနည်းများတယ်။ တ၀က်လောက်က လည်ပတ်တာပေါ့နော်။ ဆယ်နှစ်အောက်ဆို ၆ ယောက်ရယ်၊ ဆယ်နှစ်နဲ့ ဆယ့်နှစ်နှစ်ဆိုရင် ၅ ယောက်ရယ်၊ ၁၁ ယောက် ဆိုတော့ တ၀က်ကျော်ကျော်လောက်က အလည်အပတ်သွားတာ များတယ်လို့ မြင်ရပါတယ်။” ခုလို ကလေးငယ်တွေ ပျောက်ဆုံးနေတဲ့ သတင်းတွေဟာလည်း ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ ခုလိုသတင်းတွေကြောင့် ကလေးမိဘတွေ အနေနဲ့လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဒါကြောင့် ကျောင်းချိန်တွေအတွင်း ကလေးငယ် ပျောက်ဆုံးတာတွေ၊ မတော်တဆဖြစ်တာတွေ မဖြစ်စေဖို့ ကလေးမိဘတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပုဇွန်တောင်မြို့နယ် အမှတ် ၈ အခြေခံပညာမူလတန်းကျောင်းက ကျောင်းအုပ်ဆရာမကြီး ဒေါ်ရည်ရည်ဆွေကလည်း ပြောပါတယ်။ “ကလေးပျောက်သွားရင်၊ နောက် ဒီမှာ ကားတွေက ဥဒဟို သွားနေတာ။ ယာဉ်တိုက်မှုလည်း ဖြစ်မှာကြောက်တော့ ကလေးတွေကို သူတို့အိမ်က လာကြိုကို ကြိုရမယ်။ လာကြိုတဲ့ပုံစံက ဂိတ်က တပေါက်စာလေးပဲ ဖွင့်ထားတယ်။ ဖွင့်ထားတဲ့နေရာမှာ ဂျူတီသမားက စောင့်နေမယ်ပေါ့။” ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ဝေမာနွယ်ကလည်း “အရင်တုန်းကတော့ မကြိုမပို့ဘူး။ အခုတော့ ပျောက်မှာစိုးလို့ ကြို၊ပို့လုပ်ပေးတယ်။ အိမ်နားက ကလေးတွေလည်း ပျောက်မှာစိုးတော့ ပြောပြတာပေါ့နော်။ အမေတွေလာကြိုမှသွား ဆိုပြီးတော့ပေါ့” လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလကုန်အထိ ရန်ကုန်တိုင်းအတွင်းမှာ ကလေးငယ်ပျောက်ဆုံးမှု လေးဆယ်ကျော်သာရှိပြီး ဆယ်နှစ်အောက် ကလေးငယ် ၁၁ မှု၊  ဆယ်နှစ်နဲ့ ဆယ်နှစ်နှစ်ကြား ကလေးငယ် ၁၂ မှု ရှိပါတယ်။ ပျောက်ဆုံးပြီး ပြန်တွေ့တဲ့ကလေးတွေကို ပြန်လည်စိစစ်ကြည့်ရာမှာတော့ အလည်လွန်တဲ့ ကလေးငယ်တွေ များတာ တွေ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဗိုလ်က ပြောပါတယ်။ သတင်း - ခိုင်ပန်းနု
6 years Ago
Up