မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲခွင့်ပြုမိန့်ထုတ်ပေးရန် သမ္မတထံတောင်းဆို

A d v e r t i s e m e n t With Us

March 14, 2017

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့

  ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ် ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာ ကျောင်းသား ကိုဖုန်းမော်နဲ့ Mining အင်ဂျင်နီယာကျောင်းသား ကိုစိုးနိုင်တို့ RIT ကျောင်းရှေ့ ရန်ကုန်-အင်းစိန်လမ်းမပေါ်ကနေ စစ်အာဏာရှင်ရဲ့ လုံထိန်းတပ်တွေက ပစ်ခတ်လိုက်တဲ့ သေနပ်ကျည်ဆန် ထိမှန်သေဆုံးခဲ့တာ ၂၉ နှစ်တင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဖိနှိပ်လွန်းရင် အုံကြွတတ်တဲ့ လူ့သဘာဝပြယုဂ်ဖြစ်တဲ့ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး ပေါ်ပေါက်လာစေရာမှာ တွန်းအားတခုဖြစ်စေခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ကျောင်းသားအရေးအခင်းဟာ ၁၉၈၈ မတ်လ ၁၃ ရက်မှာ ဖြစ်ပွားခဲ့တယ်။ ၁၉၈၇ ခုနှစ်တုန်းက ပြည်သူတွေရဲ့ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာပြီး ဓားပြတိုက် လုယူခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ် အပေါ် အထွေထွေ မကျေနပ်မှုတွေ စုလာရာက ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ စနေနေ့ ညနေပိုင်းထဲမှာ အနောက်ကြို့ကုန်းထဲက လက်ဖက်ရည်ဆိုင်တခုမှာ လူငယ်ချင်း ရန်ဖြစ်ကြရာက ပေါ်လာတဲ့ လူမှုရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ တရားမျှမျှတတ မဖြေရှင်းခဲ့ဘဲ မတ်လ ၁၃ ရက် တနင်္ဂနွေနေ့မှာ ပစ်ခတ်နှိမ်နင်းခဲ့ရာမှာ သေဆုံးခဲ့ရတာပါ။ ဒါကြောင့်လည်း “သတ္တိရှိတယ်ဆိုတာ လက်ထဲမှာ လက်နက်ကိုင်ပြီး ကိုယ် လုပ်ချင်တာ လုပ်တာကို ပြောတာ မဟုတ်ဘူး။ လက်ထဲမှာ ဘာလက်နက်မှမရှိဘဲ ကိုယ်လုပ်ချင်တာ လုပ်ရဲတာ သတ္တိလို့ ခေါ်တယ်”လို့  ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ် ဖုန်းမော်ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ တက္ကသိုလ် ကျောင်းသားတွေကို ရဲရဲတောက် မိန့်ခွန်းပြောခဲ့ပြီး ဖုန်းမော်နေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ညှိနှိုင်းပြီး နာယကကြီး ဦးတင်ဦးက ဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကြောင်း အဲဒီနေ့မှာပဲ ထုတ်ပြန်ကြေညာခဲ့တယ်။ တကယ်တော့ စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ နိုင်ငံတနိုင်ငံမှာ ဘယ်ပြည်သူရဲ့ ဘဝမှ လုံခြုံမှုမရှိပါဘူး။ လူတိုင်းဟာ ဖုန်းမော်လိုပဲ အဖြစ်ဆိုးနဲ့ ကြုံလို့ အသက်ဆုံးပါးရနိုင်ပါတယ်။ ဒါကို ရှစ်လေးလုံး အရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းခံခဲ့ရမှု အပါအဝင် ကျောင်းသားနဲ့ လူထုအရေးတော်ပုံတိုင်းက သမိုင်းမှာ သက်သေတည်ခဲ့ပြီးပါပြီ။ နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်း ဖြေရှင်းရမည့်အစား လက်နက်အားကိုး၊ အာဏာအားကိုးနဲ့ အကြမ်းဖက် အနိုင်ယူ ဗိုလ်ကျတတ်တဲ့ စစ်အာဏာရှင် သန္ဓေဆိုး အကျင့်ယုတ်နဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ဖြေရှင်းခဲ့တဲ့ အဖြစ်မျိုး မြန်မာနိုင်ငံမှာ နောင်မှာ ဘယ်သောအခါမှ ထပ်မံမဖြစ်ပွားအောင် စစ်အာဏာရှင် စိတ်ဓာတ်ကို အမြစ်အငုတ်မကျန် တူးထုတ်ရှင်းလင်းပစ်ဖို့ လိုတယ်။ တကယ်တော့ ကျနော်တို့အားလုံးဟာ ကိုဖုန်းမော်တွေ ဖြစ်ကြပါတယ်။ မြန်မာပြည်သူပြည်သားတိုင်းဟာ ကိုဖုန်းမော်တွေပါပဲ။ နောင်အနာဂတ် မြန်မာနိုင်ငံမှာ အခုလို ကျောင်းသားအရေးဖြစ်ဖြစ်၊ ဘယ်လို နိုင်ငံရေးပြဿနာတွေကို ကြုံတွေ့လာရတဲ့ အခါတိုင်းမှာ အခုလို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ နိုင်ငံသားတွေရဲ့ အသက် ဆုံးရှုံးမှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ဖို့၊ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းတွေနဲ့အညီ ဆွေးနွေးညှိနှိုင်း အဖြေရှာလာအောင်၊ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လက်နက်နဲ့ အကြမ်းဖက် အဖြေရှာတတ်တဲ့ စစ်အာဏာရှင် သန္ဓေစိတ်တွေ ကင်းပျောက်သွားအောင် ဖယ်ရှားနိုင်ဖို့ မြန်မာနိုင်ငံသားတိုင်းက ဝိုင်းဝန်းပါဝင်ကူညီကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ - မတ်လ (၁၃) ရက်နေ့သို့  ဦးညွှတ်လျက်...   မင်းကောင်းချစ် မတ်လ (၁၃) ရက် ၂၀၁၇ ခုနှစ်
4 years Ago

September 27, 2016

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲခွင့်ပြုမိန့်ထုတ်ပေးရန် သမ္မတထံတောင်းဆို

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုခွင့်ပြုမိန့် ထုတ်ပေးဖို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က နိုင်ငံတော် သမ္မတဆီကို လျှောက်ထား တောင်းခံလိုက်ပါတယ်။ ကော်မရှင်ဟာ ဥပဒေပြဋ္ဌာန်းချက်တွေကို မျက်ကွယ်ပြုပြီး မှုခင်းကို ထိန်ချန်ခဲ့တယ်လို့ တောင်းဆိုတဲ့ရှေ့နေက စွပ်စွဲပါတယ်။ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်က အိမ်အကူ မိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တာမှာ ထောင်ဒဏ် ၇ နှစ်၊ ၁၀ နှစ်နဲ့ နှစ် ၂၀ ကျခံစေရနိုင်တဲ့ အမှုတွေကို ကော်မရှင်ဆီ ရောက်လာခဲ့ပေမယ့် ရဲစခန်းတွေကို အကြောင်းမကြားခဲ့ဘူးလို့ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်  ကော်မရှင်ဟာ ရာဇဝတ်မှုကို ဥပဒေနဲ့အညီ ဖြေရှင်းရမယ်ဆိုတာကို မလိုက်နာဘဲ အမှုကို ငွေကြေးနဲ့ ညှိနှိုင်းပေးခဲ့တာဟာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေပါလို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးလုံးကို ရာဇဝတ်မှုနဲ့ မူလအမှုတွေကို လက်ခံစစ်ဆေးပေးနိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုသွားဖို့ စီစဉ်နေတယ်လို့ ဦးရောဘတ်စန်းအောင်က သူ့ရဲ့ လျှောက်ထားစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို လိုအပ်သလို ဖြေရှင်းဆောင်ရွက်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တဲ့အကြောင်းနဲ့ နစ်နာမှုတွေကို ကုစားပေးနိုင်ဖို့အတွက် သဘောရိုးနဲ့ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့ မနေ့က ပြည်သူ့လွှတ်တော်မှာ ပြောသွားခဲ့ပါတယ်။
4 years Ago
Up