မြန်မာနိုင်ငံမှ လူ ၃၀ ပါစက်လှေ သီရိလင်္ကာရေတပ်ဖမ်းဆီး

May 1, 2017

မြန်မာနိုင်ငံမှ လူ ၃၀ ပါစက်လှေ သီရိလင်္ကာရေတပ်ဖမ်းဆီး

မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာဒုက္ခသည်တွေလို့ယူဆရတဲ့ လူ ၃၀ ဦးပါ ခိုးဝင်စက်လှေတစီးကို သီရိလင်္ကာရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှာ အိန္ဒိယလူမှောင်ခိုပွဲစား ၂ ဦးနဲ့အတူ ခုလို ဖမ်းမိခဲ့တာပါ။ ရေတပ်ပြောရေးဆိုခွင့်ရှိသူ ချာမင်ဒါ ဝါလာကူလုဂ်ျက ကမ်းစောင့်တပ်ဟာ နိုင်ငံရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှာ ကင်းလှည့်နေချိန် ရေပိုင်နက်ထဲ မောင်းဝင်လာတဲ့ စက်လှေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ခုဖမ်းဆီးထားတဲ့ လူဦးရေ ၃၀ ထဲမှာ ၁၅ ရက်သားအရွယ် ကလေးငယ်တဦးနဲ့ ၄ လသားအရွယ် ကလေးငယ်တဦး အပါအဝင် ကလေး ၁၆ ဦး ပါဝင်နေတာပါ။ ဖမ်းမိထားခဲ့တဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးကတော့ လူမှောင်ခိုပွဲစားတွေ ဖြစ်နိုင်တယ်လို့ ချာမင်ဒါ ဝါလာကူလုဂ်ျက ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ ၂ ဦးစလုံးကို ရဲတွေဆီ လွှဲပြောင်းပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။ ခုဖမ်းဆီးခံထားရသူတွေက သူတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက အိန္ဒိယကို ဒုက္ခသည်တွေအနေနဲ့ ရောက်နေခဲ့တာလို့ ရေတပ်ကို ပြောခဲ့ပါတယ်။ သူတို့အားလုံးဟာ အိန္ဒိယက တကယ်ပဲ ထွက်ခွာလာခဲ့တာလား၊ သီရိလင်္ကာကနေတဆင့် ဘယ်ကိုဆက်သွားဖို့ ရည်ရွယ်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up